A d v e r t i s e m e n t With Us

ရုရှားသမ္မတ ပူတင်၏ ကားနောက်ခန်းထဲမှ မိန်းကလေးသတင်း ပျံ့နှံ့ (ရုပ်သံ)

ရုရှားသမ္မတ ဗလာဒီမာပူတင်ရဲ့ ကားနောက်ခန်းထဲမှာ မိန်းကလေးတဦး ပါလာခဲ့တဲ့ အခိုက်အတန့်ရုပ်သံ ဗွီဒီယိုဖိုင်ဟာ အင်တာနက်စာမျက်နှာတွေပေါ် ပျံ့နှံ့နေပါတယ်။ ဒါဟာ သူ့ရဲ့ ချစ်သူမိန်းကလေးလား ဆိုတာကို မေးခွန်းထုတ်နေကြပြီး ပူတင်ဟာ သူ့ရဲ့ ချစ်သူမိန်းကလေးသစ်ကို ထုတ်ဖော်ပြောလာနိုင်ဖွယ်ရှိတယ်လို့ ဗြိတိန်အခြေစိုက် မေရာသတင်းတပုဒ်မှာ ဇူလိုင် ၁၂ ရက်နေ့က ဖော်ပြပါတယ်။ ဒီအဖြစ်အပျက်ဟာ ပြီးခဲ့တဲ့အားလပ်ရက်မှာ ပူတင် ရုရှားနိုင်ငံမြောက်ပိုင်းက သူ့ရဲ့ အနှစ်သက်ဆုံးစံအိမ်မှာ ရှိနေချိန် ဖြစ်ခဲ့တာပါ။ သူဟာ စံအိမ်ကနေ အနက်ရောင် မာစီဒီးစ်ကားတစီးကို ကိုယ်တိုင် မောင်းထွက်လာခဲ့ပါတယ်။ အဲဒီနောက် ပူတင်ဟာ ကားရှေ့ဘက်က ဆင်းလာခဲ့ပြီး နောက်ခန်းတံခါးကို ဆွဲဖွင့်ကာ တယောက်ယောက်ကို ဆင်းစေခဲ့တာပါ။ အဲဒီအခ်ျိန်မှာပဲ အနီရောင်ဝတ်စုံ ဝတ်ဆင်ထားတဲ့ အမျိုးသမီးတဦးကို လျှပ်တပျက် မြင်လိုက်ရပြီး ကင်မရာတွေ ချိန်ထားခဲ့တာမို့ ပူတင်က တံခါးကို ပြန်ပိတ်ပစ်ခဲ့တာပါ။ ဒါဟာ လူပြောများစရာ သတင်းတခု ဖြစ်လာခဲ့ပြီး မျက်နှာမမြင်လိုက်ရတဲ့ သူ့ရဲ့ ကားနောက်ခန်းက အမျိုးသမီးဟာ ပူတင်ရဲ့ ချစ်သူသစ်လေလားဆိုပြီး ကောလာဟလသတင်းတွေ ပျံ့နှံ့နေပါတယ်။ ရိန်းရုပ်သံသတင်းဌာနကတော့ “နောက်ခန်းထဲမှာ ပါလာသူဟာ အနီရောင်ဝတ်စုံနဲ့ အမျိုးသားတဦး၊ ဒါမှမဟုတ် အမျိုးသမီးတဦး ဖြစ်နိုင်ပါတယ်။ အမျိုးသမီးဖြစ်ဖို့ ဖြစ်နိုင်ချေပိုများတယ်” လို့ ဖော်ပြလိုက်တာပါ။ ပူတင်ရဲ့ ပြောရေးဆိုခွင့်ရသူတဦးဖြစ်တဲ့ ဒီမီထရီ ပီစကော့ဗ်ကတော့ ဒါဟာ ကားနောက်ခန်းထဲပါလာတဲ့ လုံခြုံရေးအဖွဲ့ထဲမှ တယောက်ယောက်ဖြစ်တယ်လို့ ပြောပါတယ်။ ပူတင်ဟာ သူ့ရဲ့ဇနီးဟောင်း လျူဒ်မီလာ ပူတင်နဲ့ ကွာရှင်းပြတ်စဲခဲ့ချိန်မှာ သမီး ၂ ယောက် ရှိနေခဲ့ပြီး နောက်ပိုင်းမှာတော့ သူ့ရဲ့ သီးသန့်ဆန်တဲ့ဘဝကို လျှို့ဝှက်နေထိုင်နေခဲ့တာ ဖြစ်ပါတယ်။

A d v e r t i s e m e n t With Us

More News
Up