Home
မြန်မာသတင်း
ရခိုင်ပြည်နယ် လုံခြုံရေးတိုးမြှင့်ရေးအဆို ပြည်နယ်လွှတ်တော် အတည်ပြု
ပိုင်စိုး
·
July 13, 2017
ရခိုင်ပြည်နယ် မောင်တော၊ ဘူးသီးတောင်နဲ့ ရသေ့တောင်မြို့နယ်တွေကို လက်ရှိထက်ပိုပြီး အာမခံချက်ပေးနိုင်တဲ့ လုံခြုံရေးအစီအမံတွေလုပ်ပေးဖို့ အဆိုကို ပြည်နယ်လွှတ်တော်က အတည်ပြုလိုက်ပါတယ်။ မောင်တော၊ ဘူးသီးတောင်နဲ့ ရသေ့တောင် မြို့နယ်တွေက ရခိုင်လူမျိုးနဲ့ မျိုးနွယ်စုဝင် လူနည်းစု မွေးရာပါ နိုင်ငံသားတွေကို လက်ရှိအခြေအနေထက် ပိုပြည့်စုံပြီး အာမခံချက် ပေးနိုင်တဲ့ ကာကွယ်ရေး လုံခြုံရေးဆိုင်ရာ အစီအမံတွေ အကောင်အထည်ဖော်ပေးဖို့ ပြည်နယ်အစိုးရကို တိုက်တွန်းတဲ့အဆို ဖြစ်ပါတယ်။ ဒီအဆိုကို ဘူးသီးတောင်မြို့နယ် မဲဆန္ဒနယ် အမှတ် ၂ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးထွန်းအောင်သိန်းက အရေးကြီးအဆိုအဖြစ် တင်သွင်းခဲ့တာ ဖြစ်ပြီး ဇူလိုင် ၁၁ ရက်နေ့ အစည်းအဝေးမှာ အတည်ပြုလိုက်တာပါ။ ဒါနဲ့ပတ်သက်ပြီး ပြည်နယ် အစိုးရအဖွဲ့ဝင်ဖြစ်တဲ့ စည်ပင်ဝန်ကြီး ဦးမင်းအောင်က မောင်တောခရိုင်မှာ ရဲအင်အား ၃၀၀ လောက်၊ နယ်ခြားစောင့်တပ်ဖွဲ့အင်အား ၂၀၀၀ ကျော်ရှိပြီး ပြည်နယ်အစိုးရအနေနဲ့ လုံခြုံရေး၊ တည်ငြိမ်အေးချမ်းရေးကို စနစ်တကျ အားဖြည့် လုပ်ကိုင်နေတာကြောင့် ဒီအဆိုကို မှတ်တမ်းအဖြစ်ပဲ ထားဖို့ တင်ပြခဲ့ပါတယ်။ ဒါပေမယ့် အဆိုရှင်က လွှတ်တော်ရဲ့ အဆုံးအဖြတ်ကို ရယူခဲ့တဲ့အတွက် အဆိုကို အတည်ပြုနိုင်ခဲ့ပါတယ်။ အဆိုရှင် ဦးထွန်းအောင်သိန်းက “လုပ်ပေးထားတယ်လို့ ဘယ်လောက်ပြောပြော ဒေသခံတွေက မိမိကိုယ်ကို ကာကွယ်ခွင့်ဆိုတာ တောင်းလာကြတယ်။ အဲဒီမှာရှိတဲ့ ရဲတပ်ဖွဲ့ဝင်တွေကို လုံခြုံရေးအရ မယုံကြည်တဲ့အတွက်ကြောင့် တောင်းဆိုတာ ဖြစ်တယ်ဆိုတဲ့ သက်သေပဲ ဖြစ်ပါတယ်” လို့ ပြောပါတယ်။ ဒီအဆိုကို အတည်ပြုလိုက်ပြီးတဲ့နောက် တိုက်တွန်းထားတဲ့အတိုင်း လုံခြုံရေး ဆောင်ရွက်ပေးဖို့ ပြည်နယ်အစိုးရမှာ တာဝန်ရှိတယ်လို့လည်း သူက ပြောပါတယ်။ အကြမ်းဖက်မှုတွေ ဖြစ်ပြီးနောက် ဘူးသီးတောင်၊ မောင်တောနဲ့ ရသေ့တောင်ဒေသ အကြမ်းဖက်ခံရမှုနဲ့ ဒေသခံပြည်သူတွေရဲ့ စိုးရိမ်မှုတွေနဲ့ ပတ်သက်ပြီး လေ့လာစုံစမ်းရေးကော်မတီကိုလည်း လွှတ်တော်က ဖွဲ့စည်းထားပြီး ဒီလွှတ်တော် အစည်းအဝေးတွေ မပြီးခင် အစီရင်ခံစာတင်သွားမယ်လို့ ကော်မတီဥက္ကဋ္ဌက ပြောပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024