Home
မြန်မာသတင်း
ကျောက်​ဖြူအထူးစီးပွား​ရေးဇုန်ကြောင့် ဒေသခံတွေနစ်နာမှုကိစ္စ  ယန်ဟီးလီဆွေးနွေး  
DVB
·
July 12, 2017
မြန်မာနိုင်ငံကို ရောက်ရှိနေတဲ့ ကုလသမဂ္ဂ လူ့အခွင့်အရေးကိုယ်စားလှယ် မစ္စယန်ဟီးလီဟာ ဒီနေ့ မနက်က  စစ်တွေမြို့ကို ရောက်ရှိခဲ့ပြီး ရခိုင်ပြည်နယ်အစိုးရအဖွဲ့ရုံးမှာ အစိုးရဌာနဆိုင်ရာ တာဝန်ရှိသူတွေနဲ့ တွေ့ဆုံခဲ့ပါတယ်။ အစိုးရအဖွဲ့နဲ့ တွေ့ဆုံစဉ် မစ္စယန်ဟီးလီက ရခိုင်ပြည်နယ်ခရီးစဉ်အတွင်း ကျောက်ဖြူ အထူးစီးပွားရေးဇုန်နဲ့ ပတ်သက်ပြီး ဒေသခံတောင်သူတွေနဲ့ တွေ့ဆုံစဉ် ကြားသိခဲ့ရတဲ့ ပြည်သူလူထုရဲ့ သဘောထားနဲ့ စိုးရိမ်ပူပန်မှု အခြေအနေတွေကို အစိုးရအဖွဲ့ထံတင်ပြခဲ့တယ်လို့  ပြည်နယ်အစိုးရအဖွဲ့က ထုတ်ပြန်ထားပါတယ်။ ရခိုင် ပြည်နယ်ဝန်ကြီးချုပ်ကတော့  ကျောက်ဖြူ အထူးစီးပွားရေးဇုန်ကြောင့် ဒေသခံပြည်သူတွေဘဝ နိမ့်ကျမှာကို လက်ခံမှာ မဟုတ်ကြောင်း၊ ဒေသခံတွေ ဆုံးရှုံးခံရတာတွေ ရှိခဲ့ရင်လည်း ဒေသခံတွေအတွက် အဆင်ပြေအောင် ပြန်လည်လုပ်ဆောင်ပေးမှာ ဖြစ်ကြောင်း၊ ဒေသခံတွေရဲ့ ရေရှည်အကျိုးစီးပွားရှိမှသာ လက်ခံဆောင်ရွက်မှာဖြစ်ကြောင်း ပြန်လည် ပြောဆိုခဲ့ပါတယ်။ ဒါ့အပြင် IDP စခန်းတွေ ပြောင်းရွှေ့နေရာချထားမှုကိစ္စ၊ မောင်တော ဘူးသီးတောင်ဒေသ တည်ငြိမ်ဖွံ့ဖြိုးရေးကိစ္စ၊ ဆိုင်ကလုန်းမုန်တိုင်း မိုရာကြောင့် ပျက်စီးဆုံးရှုံးမှုတွေကို ပြန်လည် ဖြည့်ဆည်းဆောင်ရွက်ထားတဲ့ ကိစ္စတွေနဲ့ပတ်သက်ပြီး အပြန်အလှန်ဆွေးနွေးခဲ့ကြတယ်လို့ ပြည်နယ်အစိုးရရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ စစ်တွေဒေသခံအချို့ကတော့ ‘ဘင်္ဂလီအရေးလှုပ်ရှားသူ ယန်ဟီးလီ အလိုမရှိ’၊ ‘မြန်မာနိုင်ငံသား ဥပဒေကို လေးစားပါ’၊ ‘ယန်ဟီးလီ No’၊ ‘ယန်ဟီးလီ Get Out’ စတဲ့ ကြွေးကြော်သံတွေနဲ့  စစ်တွေ လေဆိပ်အနီးမှာ ဆန္ဒဖော်ထုတ်ခဲ့ကြပါတယ်။ မစ္စယန်ဟီးလီဟာ စစ်တွေကနေ ဘူးသီးတောင်မြို့နယ်သို့ ဆက်လက် ထွက်ခွာသွားပြီ ဖြစ်ပါတယ်။ သတင်း - DMG
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024