Home
မြန်မာသတင်း
ညောင်လေးပင်တွင် ရပ်ကွက်အလိုက် မှုခင်းကျဆင်းရေး အရှိန်အဟုန်မြှင့်ဆောင်ရွက်
DVB
·
July 12, 2017
ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်မြို့မှာ ခိုးမှု၊ လုယက်မှုတွေက အရင်ကထက် ပိုမိုအဖြစ်များလာတာကြောင့် ဇူလိုင်လ ၁ဝ ရက်နေ့က စတင်ပြီး ညဘက်တွေမှာ ရပ်ကွက်အလိုက် (Crime Free Week) ရက်သတ္တပတ် စီမံချက်တွေနဲ့ မှုခင်းကျဆင်းရေးတွေကို အရှိန်အဟုန်မြှင့် ဆောင်ရွက်နေတယ်လို့ မြို့မ ၂ ရပ်ကွက်အုပ်ချုပ်ရေးမှူးက ပြောပါတယ်။ “ဒီရက်ပိုင်းတွေမှာ ညောင်လေးပင်မြို့ပေါ်မှာ ခိုး ဆိုး လုယက်မှုတွေက ပိုများလာတယ်။ ပိုများလာတဲ့အတွက် ကျနော်တို့အနေနဲ့ ဒီရပ်ကွက်နေ ပြည်သူတွေရယ်၊ ရဲတပ်ဖွဲ့တွေရယ် ပူးပေါင်းပြီး (Crime Free Week) ရက်သတ္တပတ် စီမံချက်တွေနဲ့ ရပ်ကွက်အလိုက် ညဘက်တွေမှာ အရှိန်အဟုန်မြှင့် ဆောင်ရွက်နေတာ ဖြစ်တယ်” လို့ မြို့မ-၂ ရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးဇာနည်လင်းက ပြောပါတယ်။ ဇူလိုင်လ ပထမအပတ်ထဲမှာတင် ဆိုင်ကယ်ခိုးယူမှု ၃  ကြိမ်လောက် ဆက်တိုက် ဖြစ်ပေါ်ခဲ့ပြီး အရင်လတွေမှာလည်း ဆွဲကြိုးဖြတ် လုယက်မှုတွေ၊ လူကို ရိုက်ပြီး ဆိုင်ကယ်လုယူမှုတွေ ပိုက်ဆံအိတ် လုယူမှုတွေ မကြာခဏ ဖြစ်ပေါ်ခဲ့တာပါ။ ညောင်လေးပင်မြို့နယ် ရဲတပ်ဖွဲ့မှူး ရဲမှူးကိုကိုကြီးက “မှုခင်းကျဆင်းရေး၊ ရပ်ရွာအေးချမ်း သာယာရေး၊ တရားဥပဒေစိုးမိုးရေးတို့အတွက် ရည်ရွယ်ကာ ရဲတပ်ဖွဲ့ဝင်တွေ၊ ရပ်ကွက် အုပ်ချုပ်ရေးမှူးတွေ၊ ရပ်မိရပ်ဖတွေ၊ ရပ်ကွက်နေ ပြည်သူတွေ၊ အရန်မီးသတ် တပ်ဖွဲ့ဝင်တွေ ညှိနှိုင်းတိုင်ပင်ပြီး ပြည်သူလူထု ပူးပေါင်းပါဝင်တဲ့ ရဲလုပ်ငန်းစနစ်ကို အကောင်အထည်ဖော်တဲ့ အနေနဲ့ ရပ်ကွက်အလိုက် လှည့်ကင်း၊ ဝပ်ကင်း၊ ရပ်ကင်းတွေကို ပြည်သူလူထုနဲ့ ပူးပေါင်းပြီး အရင်ကထက် အရှိန်အဟုန်မြှင့် ဆောင်ရွက်နေတာ ဖြစ်တယ်”လို့ ဒီဗွီဘီကို ပြောပါတယ်။ ဆိုင်ကယ်ခိုးယူမှုတွေ၊ လုယက်မှုတွေနဲ့ ပတ်သက်ပြီး တရားခံတွေကို ဖမ်းဆီးရမိခြင်း မရှိသေးတာကြောင့် မြို့နေပြည်သူတွေအနေနဲ့ စိုးရိမ်ထိပ်လန့်မှုတွေ ဖြစ်ပေါ်နေရတယ်လို့ သိရပါတယ်။ သတင်း - နေလင်းထိုက်
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024