A d v e r t i s e m e n t With Us

ထိုင်းတောင်ပိုင်းတွင် စစ်တပ်အယောင်ဆောင်ကာ ရွာသူကြီးနှင့် မိသားစုကို ဝင်ရောက်ပစ်ခတ်

ထိုင်းတောင်ပိုင်း ကရပိခရိုင်  အောဝ်လိုတ်မြို့နယ်ထဲမှာ မနေ့ သန်းခေါင်ကျော်အချိန်က ထိုင်းစစ်တပ်အယောင်ဆောင် လူတစုက ရွာသူကြီးနဲ့ မိသားစုတွေကို ဝင်ရောက်ပစ်ခတ်သွားတဲ့အတွက် ကလေးတွေအပါအဝင် ၅ ဦး ပွဲချင်းပြီး သေဆုံးကာ ၆ ဦး ဒဏ်ရာရသွားတယ်လို့ sanook.com သတင်းမှာ ဖော်ပြပါတယ်။ မနေ့ညနေ ၄ နာရီလောက်က ထိုင်းစစ်တပ်ဝတ်စုံ ဝတ်ထားတဲ့ လူ ၇ ဦးလောက်ဟာ ကား ၂ စီးနဲ့ အောဝ်လိုတ်မြို့နယ် ဘန့်ကလန်ကျေးရွာအုပ်စု နယ်မြေ ၁ ရှိ ရွာသူကြီးအိမ်ကို ရောက်လာပြီး အိမ်ကို စစ်ဆေးစရာရှိတယ်လို့ ပြောဆိုကာ အိမ်ထဲကလူတွေကို ဘယ်မှပေးမသွားဘဲ ထိန်းချုပ်ထားတယ်လို့ အိမ်သားတွေက ထွက်ဆိုကြောင်း အောဝ်လိုတ်မြို့နယ်ရဲစခန်း ရဲမှူးကြီး ဆူဝိတ် ကျောက်ပရီချာက သတင်းထောက်တွေကို ပြောပါတယ်။ ည ၈ နာရီအချိန် သူကြီးဖြစ်သူ နိုင်းဝေါ်ရယုဒ် အပြင်သွားရာက ပြန်လာရာမှာ သူကြီးကို လက်ထိပ်ခတ်ထားခဲ့ကြောင်း၊ သန်းခေါင်ကျော်အချိန် ရောက်တဲ့အခါ အိမ်ထဲရှိ လူအားလုံးကို သေနတ်နဲ့ပစ်ခတ်ပြီး အဲဒီအိမ်က ကားကိုပါ မောင်းယူထွက်ပြေးသွားခဲ့တယ်လို့ ရဲမှူးကြီးက ဆက်ပြောပါတယ်။ အဲဒီပစ်ခတ်မှုမှာ အမျိုးသား ၂ ဦး၊ အမျိုးသမီး ၂ ဦး၊ မိန်းကလေးငယ် ၁ ဦး ပွဲချင်းပြီး သေဆုံးပြီး သူကြီးဖြစ်သူ နိုင်းဝေါ်ရယုဒ်နဲ့ အမျိုးသမီး ၁ ဦး၊ မိန်းကလေး ၄ ဦးတို့ ဒဏ်ရာရကာ ဆေးရုံပို့ခဲ့ရကြောင်း၊ အဲဒီထဲက နောက်ထပ်မိန်းကလေးတဦး ဆေးရုံမှာ သေဆုံးသွားခဲ့တယ်လို့ ဆိုပါတယ်။ တာဝန်ရှိသူတွေက ဒီဖြစ်ရပ်တွေကို  လောလောဆယ် ဆက်လက်စုံစမ်း စစ်ဆေးနေဆဲပဲလို့ သတင်းမှာ ဖော်ပြထားပါတယ်။

A d v e r t i s e m e n t With Us

More News
Up