Home
မြန်မာသတင်း
သဲမှုတ်လုပ်ငန်းကြောင့် ကမ်းပါများ ပြိုကျနေမှုအပေါ် ဒေသခံများ စိုးရိမ်မှုဖြစ်ပေါ်
DVB
·
July 11, 2017
ပဲခူးတိုင်းဒေသကြီး၊ ဖြူးမြို့နယ်၊ ဖြူးအရှေ့အုပ်စုအတွင်းရှိ ကျောင်းစုကျေးရွာဘေးမှာ သဲမှုတ်၊ သဲထုတ်လုပ်ငန်း လုပ်ဆောင်နေတာကြောင့် ကမ်းပါးများ ပြိုကျလာနေပြီး အင်ဂျင်စက်သံတွေကြောင့် ကျေးရွာသူ၊ ကျေးရွာသားတွေ အခက်တွေ့နေရတယ်လို့ ဒေသခံရွာသားတွေက ပြောပါတယ်။ “ဒီမှာ သဲထုတ်နေတာ သုံးနှစ်လောက် ရှိနေပြီ။ သဲစုပ်တော့ ချောင်းထဲမှာ ဂလိုင်ကြီးတွေ ဖြစ်လာပြီး ကမ်းပါတွေက ပြိုကျလာတယ်။ ရွာနဲ့ ပေ နှစ်ဆယ်လောက်ပဲ ကွာတော့တယ်။ ရွာပါတော့မှာ။ အင်ဂျင်သံတွေကလည်း နားမခံသာဘူး။ ကျောင်းသားတွေဆို စာကျက်လို့ကို မရဘူး။ ဒါတွေကို အုပ်ချုပ်ရေးပိုင်းတွေကို တင်ပြတိုင်ကြားတယ်။ ဆောင်ရွက်ပေးခြင်း မရှိဘူး။ ခေါ်ပြီးပဲ ညှိပေးနေတယ်။ ကျနော်တို့ရွာနဲ့ဝေးတဲ့နေရာကို ရွှေ့ပေးစေချင်တယ်” လို့ ကျောင်းစုကျေးရွာနေ ဦးမောင်စိုးက ဒီဗွီဘီကို ပြောပါတယ်။ ထုတ်လုပ်ငန်း လုပ်ကိုင်နေသူ ဦးတင်ထွန်းအောင်က “ကျနော်လုပ်တာ ၂၀၁၄ မှ စလုပ်တယ်။ ၂၀၁၅ မှာ လိုင်စင်ချပေးတယ်။ မြို့နယ်/တိုင်း/ခရိုင်က ချပေးနေတယ်။ ကန့်ကွက်မှုတွေနဲ့ပတ်သက်လို့ နိုင်ငံတော်က ချပေးထားတာ ဖြစ်တဲ့အတွက် ဆက်လုပ်သွားမယ်” လို့ သဲ ပြောပါတယ်။ အဆိုပါကိစ္စနဲ့ပတ်သက်ပြီး ဒီဗွီဘီက ဖြူးမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနကို သွားရောက်မေးမြန်းခဲ့ရာမှာ “လက်ရှိမှာတော့ အဲဒီသဲကွင်းက လျှောက်ထားဆဲပါ။ လိုင်စင်ကတော့ မချပေးသေးပါဘူး။ အခုကိစ္စနဲ့ပတ်သက်ပြီး တိုင်ကြားတာတွေလည်း မရှိပါဘူး” လို့ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူးက ပြန်လည်ဖြေဆိုခဲ့ပါတယ်။ ဖြူးမြို့နယ် အရှေ့အုပ်စု ကျောင်းစုကျေးရွာမှာ အိမ်ခြေစုစုပေါင်း ၇၀  ကျော်ရှိပြီး လူဦးရေ ၅၀၀ ကျော် နေထိုင်ကြကာ ကျေးရွာပျက်စီးသွားနိုင်တဲ့ အခြေအနေကြောင့် ကျေးရွာသူ ကျေးရွာသားတွေအနေနဲ့ သဲမှုတ်လုပ်ငန်းကို ကျေးရွာနဲ့ဝေးရာကို ရွှေ့ပေးဖို့ လိုလားနေကြပါတယ်။ သတင်း - ကျော်အောင် (ကညွတ်ကွင်း)
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024