Home
မြန်မာသတင်း
လူငယ်များအတွက် အလုပ်အကိုင်ဖန်တီးပေးရန် ဦးစားပေးလုပ်ဆောင်နေ
အောင်ဆန်းဦး
·
July 11, 2017
လူငယ်တွေ လမ်းမှားမရောက်စေဖို့ အလုပ်ကိုင်အခွင့်အလမ်းတွေရရှိအောင် ဦးစားပေး လုပ်ဆောင်နေတယ်လို့ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက ပြောပါတယ်။ ဇူလိုင် ၁၁ ရက် နေပြည်တော် သင်္ဂဟဟိုတယ်မှာ ကျင်းပတဲ့ ကမ္ဘာ့လူဦးရေးနေ့ အခမ်းအနားအပြီး သတင်းမီဒီယာတွေနဲ့ တွေ့ဆုံစဉ်မှာ ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေက ပြောဆိုခဲ့တာ ဖြစ်ပါတယ်။ “ကိုယ့်နိုင်ငံမှာ လုံလောက်တဲ့ အလုပ်အကိုင်တွေ ဖန်တီးမပေးနိုင်ဘူးဆိုရင်တော့ လူငယ်တွေ အနေနဲ့ အိမ်နီးချင်းနိုင်ငံတွေကို သွားမယ်။ တချို့လည်းပဲ လမ်းကြောင်းမှန်ကို ရောက်မယ်၊ တချို့လည်းဘဲ လမ်းကြောင်းမှားပေါ်ကို ရောက်ဖို့ရှိတာပေါ့။ ဒါကိုလည်းပဲ နိုင်ငံတော်အစိုးရအနေနဲ့ သိရှိပါတယ်။ ဒါကြောင့်လည်းပဲ ဒီဟာတွေကို ဦးစားပေးဆောင်ရွက်နေပါတယ်။ ဖွံ့ဖြိုးပြီး နိုင်ငံတွေတောင်မှ ပြည့်စုံတယ်ဆိုတာ မရှိပါဘူး။ ဖွံ့ဖြိုးဆဲနိုင်ငံတွေကတော့ စိန်ခေါ်မှု အများကြီး ရှိပါတယ်။ သို့ပေမယ့်လည်း ဒါကို ရေတို၊ ရေရှည်အစီအစဉ်တွေချမှတ်ပြီး ဝန်ကြီးဌာနအနေနဲ့ လုပ်ဆောင်နေပါတယ်။” အန်အယ်လ်ဒီ အစိုးရတာဝန်ယူပြီးနောက်ပိုင်းမှာ ပြည်တွင်းမှာ အလုပ်အကိုင် အခွင့်အလမ်းတွေ ပေါ်ပေါက်လာရေးကို ဦးစားပေးအစီစဉ်အနေနဲ့ ဖော်ဆောင်နေပေမယ့် သိသိသာသာ တိုးတက်လာတာမျိုးတော့ မတွေ့ရှိရသေးပါဘူး။ အဲဒီအတွက် အစိုးရအနေနဲ့ အလုပ်ကိုင်အခွင့်အလမ်းဖော်ဆောင်ပေးနိုင်တဲ့ အသေးစား၊ အလတ်စား စီးပွားရေးလုပ်ငန်းတွေကို တိုင်းဒေသကြီးနဲ့ ပြည်နယ်တွေမှာ ပေါ်ပေါက်လာစေဖို့ တိုင်းဒေသကြီး အစိုးရအဖွဲ့ရဲ့ အစီစဉ်တွေနဲ့ ခွင့်ပြုချက်ပေးနိုင်အောင် စီစဉ်ခွင့်ပြုထားတယ်လို့ လည်း ဝန်ကြီးက ပြောပါတယ်။ “အစိုးရအနေနဲ့လည်း ဦးစားပေးလုပ်ငန်းတွေ အများကြီးရှိတဲ့အထဲက အလုပ်အကိုင် အခွင့်အလမ်း ရရှိရေးကို ဦးစားပေးဆောင်ရွက်နေတယ်။ အလုပ်ကိုင်အခွင့်လမ်း ပေါ်ပေါက်လာရေးဆိုတာ ကလည်း ချက်ချင်း ဥုံဖွနဲ့ မန်းလို့မရဘူး။ နံပါတ် (၁) ဥပဒေတွေကို ပြင်ဆင်ရအတည်ပြုရတာပေါ့။ ပြီးရင် အခြေခံလမ်း တံတားတွေ အဆောက်အအုံတွေကို တည်ဆောက်ရတယ်။ မီးရရှိရေးတွေ ကောင်းမွန်အောင်လုပ်ဆောင်ရတာပေါ့။ အခုဆိုရင် အဲဒါတွေကို အစိုးရအနေနဲ့ လုပ်ဆောင်နေတယ်။ ရင်းနှီးမြှုပ်နှံမှုမှာဆိုရင် အရင်က ပြည်ထောင်စုအစိုးရကပဲ ခွင့်ပြုချက်ပေးတယ်။ အခုဆိုရင် တိုင်းနယ်ပြည်နယ်တွေမှာ သက်ဆိုင်ရာ အစိုးရအဖွဲ့က သက်မှတ်တဲ့အချက်တွေနဲ့ ညီရင် ခွင့်ပြုပေးလို့ရအောင် ဆောင်ရွက်နေတယ်။ အသေးစားအလတ်စား စီးပွားရေး လုပ်ငန်းတွေ အများကြီးဝင်ရောက်လာအောင် အစိုးရကဆောက်ရွက် နေပါတယ်။” ပြီးခဲ့တဲ့ ၂၀၁၄ ခုနှစ်က ကောက်ယူခဲ့တဲ့ သန်းခေါင်စာရင်းစစ်တမ်းအရ မြန်မာနိုင်ငံရဲ့ လူဦးရေ သန်း ၅၀ ကျော်မှာ ၁၀ သန်းကျော်က အလုပ်အကိုင်မရှိဘဲ အလုပ်လက်မဲ့တွေ ဖြစ်နေတာကို တွေ့ရှိရတယ်လို့ ဖော်ပြထားပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024