ဗန်းမောက်မြို့နယ်တွင် မူးယစ်ဆေးဝါးနှင့် စိတ်ကြွဆေးပြားများ ဖမ်းမိ
DVB
·
July 11, 2017
စစ်ကိုင်းတိုင်းဒေသကြီး၊ ဗန်းမောက်မြို့နယ် မံအင်မင်းကုန်းကျေးရွာအုပ်စု အရှေ့ကုန်း ကူးဆိပ်ရွှေမှော်မှာ ဇူလိုင်လ ၁၀ ရက်နေ့ မနက်ပိုင်းအချိန်က မူးယစ်ဆေးဝါးများ ဖမ်းမိခဲ့ပါတယ်။
ကသာ မူးယစ်တပ်ဖွဲ့စု-၆ မှ ဒုရဲမှူးမြင့်နိုင်ဦးက အနီးကပ်ကြီးကြပ်ပြီး ရဲအုပ်ကျော်စိုးလင်း ဦးစီးအဖွဲ့က မူးယစ်ဆေးဝါး ရောင်းချတဲ့ တဲထဲကို ဝင်ရောက်ရှာဖွေရာ ရွှေမောင်၊ ကျော်မြင့်၊ စောမြင့်အောင်၊ ချစ်တင်တို့ ၄ ဦးနဲ့အတူ WY စာတန်းပါ အနီရောင် စိတ်ကြွဆေးပြား ၁၇၄ ပြား၊ ဘိန်းဖြူ ၁ ဂရမ်ခန့်ပါ ကော်ဘူး ၁ ဘူး၊ ဘိန်းဖြူ ၁ ဒသမ ၁ ဂရမ်ခန့်ပါ ပင်နယ်ဆလင် ပုလင်း ၁ လုံးနဲ့ စိတ်ကြွဆေးပြား သုံးစွဲရာမှာ အသုံးပြုတဲ့ ကိရိယာ ၅ ဘူးတို့ကို ဖမ်းမိခဲ့ပါတယ်။
သူတို့ ၄ ဦးကို မေးမြန်းရာ အခုဖမ်းမိတဲ့ မူးယစ်ဆေးဝါးတွေကို ဖိုးချိုဆီက ဝယ်ယူခဲ့တာ ဖြစ်ပြီး အရှေ့ကုန်းကျေးရွာနေ ဖိုးတုတ်က ရောင်းချခိုင်းထားတာ ဖြစ်တယ်လို့ ထွက်ဆိုချက်အရ ဖိုးတုတ်ရဲ့ နေအိမ်ကို ဆက်လက်ရှာဖွေရာ ဖိုးတုတ်နဲ့ ဖိုးချိုတို့ နှစ်ဦးကို တွေရှိခဲ့ပါတယ်။
ဖိုးတုတ် ကိုင်ထားတဲ့ D-2 တံဆိပ်ပါ အနက်ရောင် ကျောပိုးအိတ်ထဲက ဘိန်းဖြူ ဆပ်ပြာခွက် တခွက်မှာ ၁၁ ဂရမ်ခန့်စီပါ ဆပ်ပြာခွက် ၄၂ ခွက်၊ ၀ ဒသမ ၃ ဂရမ်ခန့်စီပါ ပင်နယ်ဆလင် ပုလင်း ၅ လုံး၊ ၄ ဒသမ ၆ ဂရမ်ခန့်ပါ ပလတ်စတစ် ကော်ဘူး ၁ ဘူး စုစုပေါင်း ဘိန်းဖြူ အလေးချိန် ၄၆၈ ဒသမ ၁ ဂရမ်ခန့် ဖမ်းမိခဲ့ပါတယ်။
ဒါ့အပြင် အပြာရောင်ပလတ်စတစ် ကပ်ခွာအိတ်ငယ်တွေနဲ့ ထည့်ထားတဲ့ WY စာတန်းပါ အနီရောင် စိတ်ကြွဆေးပြား တထုပ်ကို ၂၀၀ ပြားစီပါ အထုတ် ၆၀၊ စုစုပေါင်း စိတ်ကြွဆေးပြား ၁၂၀၀၀ ပြား၊ U.T.A Classic MCD AK 200 စာတန်းပါ အရှည် ၃ ပေ ၆ လက်မရှိ လေသေနတ် ၁ လက်၊ ငွေစက္ကူ သိန်း ၆၀ ကျပ်၊ ငွေစက္ကူရောရာ စုစုပေါင်း ကာလတန်ဖိုး ငွေကျပ် ၁၀၆၈ သိန်းကျပ်ခန့် ဖမ်းမိခဲ့တာပါ ။
အဲဒီမူးယစ်ဆေးဝါးတွေကို ရှမ်းပြည်နယ်မြောက်ပိုင်း၊ မိုးမိတ်မြို့နယ်မှာ နေထိုင်တဲ့ အောင်မင်းဆီက ငွေကျပ်သိန်း ၁၀၀ နဲ့ ဝယ်ယူခဲ့ပြီး ဇူလိုင်လ ၉ ရက်နေ့ညက မိုးမိတ်မြို့ကနေ သရက်ကုန်း ကူးဆိပ်ရွှေမှော်ကို ဆိုင်ကယ်နဲ့ သယ်ဆောင်သွားတာ ဖြစ်တယ်လို့ ထွက်ဆိုခဲ့ပါတယ်။
အခုလို မူးယစ်ဆေးဝါးတွေကို ဖမ်းမိခဲ့တာနဲ့ပတ်သက်လို့ ကွင်းဆက်တရားခံ အောင်မင်းကို ဖမ်းဆီးရမိရေး ဆောက်ရွက်နေပြီး ရွှေမောင်၊ ကျော်မြင့်၊ စောမြင့်အောင်၊ ချစ်တင်၊ ဖိုးတုတ်၊ ဖိုးချိုတို့ ၆ ဦးကို မူးယစ်ဆေးဝါးနဲ့ စိတ်ကို ပြောင်းလဲစေတတ်တဲ့ ဥပဒေ ပုဒ်မတွေအရ အမှုဖွင့် အရေးယူထားကြောင်း ကသာခရိုင် ရဲတပ်ဖွဲ့မှူးရုံးက သိရပါတယ်။
သတင်း - သီဟဆွေ