Home
ရုပျသံ
မြန်မာ့စီးပွားရေး အရှိန်အဟုန်နဲ့တက်နိုင်တဲ့ အခြေအနေ၊ အလားအလာတွေ ရှိပြီလား - အယ်ဒီတာစကားဝိုင်း
DVB
·
July 11, 2017
ဒီတပတ်တင်ဆက်မယ့် အကြောင်းအရာကတော့ မကြာခင်တုန်းက စီးပွားရေးနှင့် ဘဏ္ဍာရေး ပြည်ထောင်စုဝန်ကြီးက မြန်မာပြည်ရဲ့ စီးပွားရေးအခြေအနေဟာ အခုဆိုရင် Take Off ပေါ့နော်၊ စတင်ပြီးတော့ လေယာဉ်ပြေးလမ်းကနေ ပျံတက်မယ့်အခြေအနေ ရှိတယ်လို့ ပြောသွားပါတယ်။ တချို့ ဝေဖန်တဲ့သူတွေကတော့ လောလောဆယ် အခုလက်ရှိ အန်အယ်လ်ဒီအစိုးရက ငြိမ်းချမ်းရေးနဲ့ ရင်ကြားစေ့ရေးဘက်ကို ပိုအာရုံစိုက်နေတဲ့အတွက် စီးပွားရေးဘက်ကို  သိပ်ပြီးတော့ မလှည့်နိုင်ဘူးလို့ ပြောကြားတာ ရှိပါတယ်။ အဲဒါနဲ့ပတ်သက်လို့ ကျနော်တို့ ဒီနေ့ ဆွေးနွေးမှာကတော့ မြန်မာပြည်ရဲ့စီးပွားရေးအခြေအနေ စပြီး ပြေးလမ်းမှာ အရှိန်အဟုန်နဲ့ တက်နိုင်တဲ့ အခြေအနေတွေ ရှိပြီလား၊ အလားအလာတွေရှိပြီလား ဆွေးနွေးမှာ ဖြစ်ပါတယ်။ ဒီတပတ် ဆွေးနွေးမယ့်သူတွေကတော့ စီးပွားရေးပညာရှင် ဆရာအောင်ချိန်ဘွားနဲ့ နိုင်ငံရေးဆောင်းပါးရှင် ဒေါက်တာရန်မျိုးသိမ်းတို့ ဖြစ်ပါတယ်။ ဦးတိုးဇော်လတ် (ဒီဗွီဘီ) “အဲဒီတော့ ဆရာအောင်ချိန်ဘွားကို အရင်စမေးပါရစေ။ လက်ရှိမှာ အရပ်သားအစိုးရ တက်လာတာ တနှစ်ခွဲလောက် ရှိလာပါပြီ။ အမေရိကန်ဆန်ရှင်ပယ်တာတို့၊ နိုင်ငံတကာ World Bank တို့၊ IMF၊ ADB တို့နဲ့ ပြန်ပြီးတော့ လမ်းပွင့်လာတာပေါ့နော်။ အဲဒီအခြေအနေမှာဆိုရင် မြန်မာပြည်ရဲ့ စီးပွားရေးအခြေအနေက တကယ့်ကို အခွင့်အလမ်းတွေ အရှိန်အဟုန်နဲ့သွားနိုင်တဲ့ အခြေအနေရှိပြီလား၊ ဆရာ့အနေနဲ့ စပြီးရှင်းပြပေးပါ။” ဆရာအောင်ချိန်ဘွား (စီးပွားရေးပညာရှင်) “အမေရိကန်နိုင်ငံရဲ့ Economic Sanction တွေအားလုံး လွတ်သွားပြီ ဖြစ်တဲ့အတွက်ကြောင့်မို့ အဲဒါကို သီအိုရီအရပြောတာ ဖြစ်ပါလိမ့်မယ်။ ဆိုလိုတာက အမေရိကန်လို နိုင်ငံကြီးမျိုးနဲ့ စီးပွားရေးမိတ်ဘက် ဖြစ်ပြီဆိုရင် အဲဒီနိုင်ငံဟာ အလွန်လျင်မြန်စွာ တိုးတက်သွားလေ့ရှိပါတယ်။ စီးပွားရေးသမိုင်းကို ပြန်ကြည့်ရင် အတိုပဲ ပြောပါမယ်။ ဒုတိယကမ္ဘာစစ်အပြီး ဂျပန်နိုင်ငံကြီး စစ်ရှုံးနိုင်ငံ ချွတ်ခြုံကျနေတဲ့အချိန်မှာ အမေရိကန်ကို ပူးပေါင်းလိုက်တဲ့အခါမှာ ၁၀ နှစ်အတွင်း တော်တော်ကို တိုးတက်လာပြီးတော့ အနှစ် ၂၀ မှာ ကမ္ဘာ့ဒုတိယအချမ်းသာဆုံးနိုင်ငံ ဖြစ်ခဲ့ပါတယ်။ အဲဒီတော့ အမေရိကန်နိုင်ငံနဲ့ ပေါင်းလိုက်ရင် အမေရိကန်ဆိုတာ သူ ပိုင်တာက IMF လည်း ပိုင်တယ်၊ World Bank လည်းပိုင်တယ်။ နောက်ပြီးတော့ ကနေဒါတို့၊ အီးယူတို့၊ နယူးဇီလန်တို့၊ သြစတြေးလျတို့ စီးပွားရေးဒီမိုကရေစီနိုင်ငံတွေ အကုန်လုံးပိုင်တယ်။ ဂျပန်ကိုလည်း ပိုင်တယ်။ အဲဒီတော့ အမေရိကန်နဲ့ ပေါင်းဖြစ်သွားရင် အဲဒါတွေ အကုန်လုံးနဲ့ ပေါင်းဖြစ်တာလည်း အတူတူပါပဲ။ ဥပမာ နိုင်ငံ့ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ကနေဒါသွားတယ်။ ဆွီဒင်သွားတယ်။ အဲဒီနိုင်ငံတွေနဲ့ သွားတဲ့အခါမှာ စီးပွားရေး အချက်အလက်တွေ အများကြီး ပြောခဲ့တာ ရှိပါတယ်။ ကျနော်လည်း ဆောင်းပါးတွေ အများကြီး ရေးခဲ့တာရှိပါတယ်။ အဲဒီတော့ သီအိုရီအရဆိုရင် မြန်မာနိုင်ငံဟာလည်း တကယ့်ကို စီးပွားရေး အရှိန်အဟုန်မြန်စွာနဲ့ တိုးတက်လာနိုင်မယ်ဆိုတဲ့ Assumption ပေါ့။ အဲဒါဆိုရင် Take Off လုပ်လိုက်တဲ့အချိန်မှာ ဝေါခနဲ တက်သွားမယ်ဆိုပြီးတော့၊ တချို့ နှစ်ဆ၊ သုံးဆ တက်မယ်ဆိုပြီးတော့လည်း ပြောတာတွေရှိသလို နောက်အနှစ် ၂၀ မှာ စင်ကာပူကို သာသွားမယ် ဆိုတာတွေလည်း ပြောခဲ့တာတွေက အဲဒီအပေါ်မှာမူတည်ပြီး ပြောခဲ့တာ ဖြစ်မယ်လို့ ယုံကြည်ပါတယ်။” ဦးတိုးဇော်လတ် (ဒီဗွီဘီ) “ဆရာကတော့ လက်ရှိ မြန်မာပြည်ရဲ့ ပိုမိုပွင့်လင်းလာတဲ့ အခြေအနေနဲ့ အရှိန်အဟုန်နဲ့ တက်မယ်ဆိုတဲ့ ယူဆချက်အပေါ်မှာပေါ့ Assumption ပေါ်မှာ ပြောတာပါ။ ဆရာရန်မျိုးသိမ်းအနေနဲ့ရော အခုအခြေအနေက တကယ်ရော မြန်မာပြည်ရဲ့ စီးပွားရေး အခြေအနေက အဲ့လို Favour ပေးတဲ့ အခြေအနေ ရောက်နေပြီလား။ အရှိန်အဟုန်နဲ့ တက်နိုင်ပါ့မလား၊ ဆရာ့အနေနဲ့ ဖြည့်စွက်ဆွေးနွေးပေးပါဦး။” ဒေါက်တာရန်မျိုးသိမ်း (နိုင်ငံရေးဆောင်းပါးရှင်) “ဆရာ ဆွေးနွေးသွားတဲ့ အထဲမှာပေါ့လေ။ အမေရိကန်နဲ့ ကျနော်တို့နဲ့ ဆက်ဆံရေး ကောင်းဖို့ကတော့ ဒါ အရေးကြီးတယ်။ နိုင်ငံရေးမှာရော စီးပွားရေးမှာရော အမေရိကန်ရဲ့ ရင်းနှီးမြှုပ်နှံမှုတွေ ကျနော်တို့နိုင်ငံထဲကို အင်နဲ့အားနဲ့ ဝင်လာမယ်ဆိုရင် ကျနော်တို့ တိုင်းပြည်အတွက်က အများကြီး အကျိုးရှိတယ်။ ဒါပေမယ့် တဘက်က ကျနော်တို့ ပြန်စဉ်းစားရမှာ ဘာလဲဆိုတော့ ကျနော်တို့မှာ အမေရိကန် အပါအဝင် နိုင်ငံတကာရဲ့ တိုက်ရိုက်ရင်းနှီးမြှုပ်နှံမှုတွေ လက်ခံနိုင်တဲ့ အခင်းအကျင်းတခုကို အဆင်သင့်ဖြစ်အောင် တည်ဆောက်ထားပြီးပြီလား။ ကျနော်တို့ဆီမှာ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတွေကို လက်ခံနိုင်ဖို့အတွက် အစိုးရအနေနဲ့ မဟာဗျူဟာစီမံချက်ချပြီးတော့ စနစ်တကျ ချဉ်းကပ် ဆောင်ရွက်တာမျိုးတွေ လုပ်နေပြီလားလို့ မေးစရာ မေးခွန်းရှိတယ်။ ဘာဖြစ်လို့လဲဆိုတော့ ရင်းနှီးမြှုပ်နှံသူဆိုတာ တကယ်တမ်းတော့ သူတို့က စီးပွားရေးသမားပဲ။ သူတို့ဟာ အကျိုးအမြတ်ရတဲ့နေရာမှာ ရင်းနှီးမြှုပ်နှံမှာ။ ဥပမာ ကျနော်တို့ဒေသမှာ ကြည့်လိုက်ရင် ကျနော်တို့နိုင်ငံ ရှိတယ်၊ လာအို ရှိတယ်၊ ကမ္ဘောဒီးယား ရှိတယ်၊ ဗီယက်နမ် ရှိတယ်။ အဲဒီနိုင်ငံတွေကို သူတို့ဟာ နှိုင်းယှဉ်လေ့လာပြီးတော့ သူတို့အတွက် အားသာချက် အများဆုံးဖြစ်ပြီးတော့ အန္တရာယ်အနည်းဆုံးဖြစ်တဲ့ နိုင်ငံမှာ သူတို့က  ရင်းနှီးမြှုပ်နှံမှုတွေ ပုံအောပြီး လုပ်လိမ့်မယ်လို့ ကျနော်ကတော့ နားလည်တယ်။ အဲဒီအခါကျတော့ ကျနော်တို့ဟာ စင်ကာပူကိုမီဖို့ ခဏထားဦး။ အခုအချိန်မှာ ကျနော်တို့ ဗီယက်နမ်ကိုတောင် နောက် နှစ် ၂၀ မှာ မီပါ့မလားလို့ စိုးရိမ်စရာရှိတယ်။ ဘာဖြစ်လို့လဲဆိုတော့ ကျနော်တို့နဲ့အနီးဆုံး ပြိုင်ဘက်နိုင်ငံတွေရဲ့ အနေအထားကို ကျနော်တို့ သေသေချာချာ ဂဃနဏ ဆန်းစစ်လေ့လာသုံးသပ်ထားတဲ့ အပိုင်းမှာ အားနည်းချက်တွေ အများကြီးရှိနေတယ်လို့ ကျနော်ကတော့ သုံးသပ်ပါတယ်။” အပြည့်အစုံကို ရုပ်သံဖိုင်တွင် ကြည့်ရှုနိုင်ပါသည်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024