A d v e r t i s e m e n t With Us

ဘာလီကျွန်းက ခွေးသားကုန်ကူးမှုနှင့် မသိဘဲစားနေကြရသည့် ကမ္ဘာလှည့်ခရီးသည်များ (ရုပ်သံ)

ဘာလီကျွန်းက ခွေးသားကုန်ကူးမှုနှင့် မသိဘဲစားနေကြရ... အင်ဒိုနီးရှားနိုင်ငံ ဘာလီကျွန်းပေါ်က ကမ္ဘာလှည့်ခရီးသည်တွေဟာ ခွေးသားတွေကို မသိဘဲ စားနေရတာ ဖြစ်နိုင်တယ်လို့ တက်ကြွလှုပ်ရှားသူတွေက ပြောလိုက်ပါတယ်။ အင်ဒိုနီးရှားနိုင်ငံ ဘာလီကျွန်းပေါ်မှာ နှစ်စဉ် ခွေးကောင်ရေ ၁ သိန်းလောက်အထိဟာ အစားခံဖို့၊ လူမဆန် မသန့်ရှင်းတဲ့ နည်းလမ်းတွေနဲ့ အသတ်ခံနေရတယ်လို့ အစိုးရမဟုတ်တဲ့ အဖွဲ့အစည်း Animals Australia (AA) က ပြောလိုက်ပါတယ်။ ဒီကုန်သွယ်ရေးကို အများပြည်သူမသိအောင် အကြီးအကျယ် ကွယ်ဝှက်ထားပြီး တရားဝင် စစ်ဆေးမှု မရှိဘူးလို့ ဖော်ထုတ်လိုက်ပါတယ်။ ဒီအဖွဲ့အစည်းဟာ ခွေးဖမ်းသူတွေ၊ ခွေးသတ်ရုံတွေနဲ့ လမ်းဘေး ပျံကျ စားစရာရောင်းသူတွေကို တလကြာ စုံစမ်းခဲ့တာပါ။ ခွေးတွေ ဖမ်းဆီးနှိပ်စက်ခံနေရတဲ့ ရုပ်သံနဲ့အတူ ကြေညာချက်လည်း ထုတ်ပြန်ပါတယ်။ ရုပ်သံတွေကို သီးခြား လွတ်လွတ်လပ်လပ် စစ်ဆေး အတည်ပြုနိုင်မှုတော့ မရှိသေးပါဘူး။ ဘာလီကျွန်းက ခွေးသားကုန်သွယ်ရေးဟာ ဒေသတွင်း စားနပ်ရိက္ခာ ဘေးကင်းရေးနဲ့ တိရစ္ဆာန် ညှဉ်းပန်းနှိပ်စက်မှု ဥပဒေတွေကို ချိုးဖောက်နေတယ်လို့ AA ရဲ့ အဖွဲ့ဝင် လင်းဝှိုက်က ပြောပါတယ်။ လမ်းဘေးဈေးသည်တွေက RW လို့ အမှတ်အသားပေးထားတဲ့ အသားတွေ ရောင်းနေပုံကို ရုပ်သံက ပြထားပါတယ်။ RW ဆိုတာ အင်ဒိုနီးရှား ဘဟာဆာ ဘာသာစကားနဲ့ ခွေးသားကို ဆိုလိုတာလို့ ပြောပါတယ်။ ကမ္ဘာလှည့်ခရီးသည်တွေက မသိဘဲ ခွေးသားတွေ စားနေတယ်လို့ ဒီအစီရင်ခံစာက စွပ်စွဲထားပါတယ်။ ဘာလီကျွန်း အုပ်ချုပ်ရေးမှူးကတော့ ဒီစွဲချက်တွေကို ငြင်းပါတယ်။ “ခွေးတွေ ရက်ရက်စက်စက် အသတ်ခံရပြီး ဆာတေး အသားကင်လုပ်တာ ခံနေရတယ် ဆိုတဲ့ လူမှုကွန်ရက်ပေါ်က အစီရင်ခံစာတွေ၊ သတင်းတွေက မှားနေတယ်။ ကျနော်တို့ စစ်ဆေးပြီးသားပါ” လို့ သူက ပြောပါတယ်။ ခွေးသားဟာ အင်ဒိုနီးရှားနိုင်ငံရဲ့ အစိတ်အပိုင်းတချို့၊ တရုတ်နဲ့ ဗီယက်နမ်နိုင်ငံတွေမှာ လူကြိုက်များပါတယ်။ ဘာလီခွေးစောင့်ရှောက်ရေးဂေဟာရှင် လင်ဒါ ဘူလာဟာ ဘာလီကျွန်းမှာ ခွေးတွေ တရားမဝင် ကုန်ကူးမှုကို ဆန့်ကျင်လှုပ်ရှားနေတာ နှစ်ချီပါပြီ။ ဘာလင်ဒေသခံ အများစုက ဟိန္ဒူဘာသာဝင်တွေဖြစ်လို့ ဘာသာရေးအရ ခွေးသားစားတဲ့ အစဉ်အလာ မရှိခဲ့ဘူး။ အင်ဒိုနီးရှားရဲ့ တခြားနေရာတွေက လာတဲ့ လူတွေက ဒီအလေ့အထကို ယူလာခဲ့တာလို့ သူက ပြောပါတယ်။ ခွေးသားကုန်သွယ်မှု အဆုံးသတ်ရေး တိုက်တွန်းဖို့ တိရစ္ဆာန် အခွင့်အရေး အုပ်စုတွေက ဘာလီအစိုးရနဲ့ ဒီလ နှောင်းပိုင်းမှာ ဆွေးနွေးဖို့ မျှော်လင့်ထားပါတယ်။

A d v e r t i s e m e n t With Us

More News
Up