A d v e r t i s e m e n t With Us

အိုင်အက်စ်လက်မှ ပြန်သိမ်းပိုက်နိုင်ခဲ့သည့် မိုဆူးလ်မြို့ကို အီရတ်ဝန်ကြီးချုပ် သွားရောက်

ဓာတ်ပုံ - ရိုက်တာ
အီရတ်ဝန်ကြီးချုပ် ဟိုင်ဒါ အယ်လ် အဘာဒီဟာ အိုင်အက်စ်လက်က လောလောလတ်လတ် ပြန်သိမ်းနိုင်ခဲ့တဲ့ မိုဆူးလ်မြို့ကို ဇူလိုင် ၉ ရက်နေ့မှာ ရောက်လာပါတယ်။ ၈ လကြာ မြို့ပြစစ်ပွဲအတွင်း အစ္စလာမ္မစ်နိုင်ငံ အမည်ခံ အိုင်အက်စ် စစ်သွေးကြွတွေအပေါ် အောင်ပွဲခံနိုင်လို့ သူ့စစ်တပ်ကို ချီးကျူးဂုဏ်ပြုပါတယ်။ ဒီအောင်ပွဲဟာ မြို့အတွင်း ဘာသာရေး စစ်ဝါဒီတွေ ၃ နှစ်ကြာ အုပ်စိုးမှုကို အဆုံးသတ်စေခဲ့တာပါ။ ဝန်ကြီးချုပ်ဟာ မိုဆူးလ်မြို့ အရှေ့ပိုင်းက ခရိုင်တွေဆီကိုလည်း သွားရောက်လည်ပတ်ပြီး သူ့ကို သြဘာပေးနေတဲ့ လူအုပ်ကိုလည်း နှုတ်ဆက်ခဲ့ပါတယ်။ အဲဒီနောက် အုပ်ချုပ်ရေးမှူးရုံးကိုသွားပြီး ဒေသခံ အစိုးရအရာရှိတွေ၊ နိုင်ငံရေးသမားတွေနဲ့အတူ အစည်းအဝေး လုပ်ခဲ့ပါတယ်။ မွန်းလွဲပိုင်းမှာ ပြည်ထောင်စုရဲဌာနချုပ်ကို ရောက်လာပြီး စစ်ဦးစီးမှူးတွေနဲ့ တွေ့ဆုံကာ စစ်ဆင်ရေး ရှင်းပြတာကို နားထောင်ခဲ့ပါတယ်။ တိုက်ပွဲတွေကြောင့် မိုဆူးမြို့ရဲ့ ကြီးမားတဲ့ အစိတ်အပိုင်းတွေ ပျက်စီးခဲ့သလို အရပ်သားတွေ ထောင်နဲ့ချီသေဆုံးပြီး လူတသန်းနီးပါး အိုးအိမ်စွန့်ခွာ ထွက်ပြေးခဲ့ရပါတယ်။ မိုဆူးလ်မြို့ ကျဆုံးခန်းဟာ အိုင်အက်စ်တွေအတွက် အကြီးစား ထိုးနှက်ချက်ပါ။ အိုင်အက်စ်တွေဟာ ဆီးရီးယားနဲ့ အီရတ်အနောက်ပိုင်း နယ်မြေတွေကို ၂၀၁၄ မှာ သိမ်းပိုက်ပြီး ဘာသာရေးဆရာ အုပ်ချုပ်တဲ့ ကာလီဖိတ်နိုင်ငံ တည်ထောင်ကြောင်း တဖက်သတ် ကြေညာခဲ့ပါတယ်။ ခုတော့ ဆီးရီးယားနိုင်ငံထဲက အိုင်အက်စ်စစ်ဆင်ရေး ဌာနချုပ် မြို့တော် ရက်ကာကိုလည်း ကာဒစ်ရှ် တိုက်ခိုက်ရေးသမားတွေက တိုက်ခိုက်သိမ်းပိုက်ခဲ့ပြီး ဖြစ်ပါတယ်။

A d v e r t i s e m e n t With Us

More News
Up