ထိုင်းနိုင်ငံ ကန်ကျနပူရီတွင် ကရင်လူငယ် ၆ ဦး ဆိုင်ကယ်ခိုးမှုသံသယဖြင့် ဖမ်းဆီးခံရ
DVB
·
July 10, 2017
ထိုင်းနိုင်ငံ အနောက်မြောက်ပိုင်း ကန်ကျနပူရီခရိုင် ဆန်ခလပူရီမြို့နယ်ထဲမှာ ဇူလိုင် ၉ ရက်က မြန်မာနိုင်ငံသား ကရင်လူငယ် ၆ ဦး ဆိုင်ကယ်ခိုးမှု သံသယနဲ့ ဖမ်းဆီးခံရတယ်လို့ မန်နေဂျာအွန်လိုင်း ထိုင်းသတင်းမှာ ဖော်ပြပါတယ်။
တပ်ရင်း ၉ အထူးတိုက်ခိုက်ရေးတပ်ဖွဲ့ဝင်တွေဟာ ဆန်ခရပူရီမြို့နယ် နောင်လူးကျေးရွာအုပ်စု တောအုပ်တ၀ိုက် နယ်မြေလုံခြုံရေး ကင်းလှည့်နေစဉ် တရားမဝင် တောလမ်းကနေ မောင်းနှင်လာတဲ့ ဟွန်ဒါဆိုင်ကယ် ၆ စီးကို စစ်ဆေးပြီး ဘာလိုင်စင်အထောက်အထားမှ မရှိတာနဲ့ ဆိုင်ကယ်မောင်းလာသူ လူငယ် ၆ ဦးကို ဖမ်းဆီးထားတာလို့ တပ်ရင်းမှူး ဝုတိချိုင်း နာခဝါနစ်က သတင်းထောက်တွေကို ပြောပါတယ်။
ဆက်လက်စစ်ဆေးချက်အရ အဆိုပါ ဆိုင်ကယ်တွေဟာ ထောင်းဖာဖူးရပ်ကွက်နေ ထိုင်းလူမျိုး တဦးက သူတို့ကို မြန်မာဘက်ခြမ်းထိ တောလမ်းကနေ မောင်းနှင်ပို့ဆောင်ပေးဖို့ ၁ စီးကို ဘတ် ၅၀၀ နဲ့ ငှားရမ်းခဲ့တာဖြစ်ပြီး ယခင်ကလည်း တကြိမ်ကို ဆိုင်ကယ် ၄ စီးမှ ၆ စီးထိ ငှားရမ်းမောင်းနှင် ပို့ဆောင်ပေးခဲ့တာဖြစ်ကြောင်း လူငယ်တွေက ပြောပါတယ်။
ဒါပေမယ့် ဆိုင်ကယ်မှာ ဝယ်ယူမှု အထောက်အထားမရှိ၊ နံပါတ်မရှိ၊ လိုင်စင်လည်း မရှိတဲ့အတွက် တာဝန်ရှိသူတွေက ခိုးလာတဲ့ ဆိုင်ကယ်တွေလို့ ယူဆပြီး လူငယ် ၆ ဦးကို ဆက်လက်စစ်ဆေး အရေးယူဖို့ ဖမ်းဆီးထားတာ ဖြစ်ပါတယ်။
အဖမ်းခံရသူ လူငယ် ၆ ဦးဟာ ဆန်ခလပူရီမြို့နယ် လိုင်ဝိုကျေးရွာအုပ်စု ဆနဲဖောင်ရပ်ကွက်မှာ တည်းခိုနေထိုင်တယ်လို့ သတင်းမှာ ဖော်ပြသွားပါတယ်။