၆ နှစ်သမီး ရေနံဆီမီးခွက် ဆော့ကစားရာမှ မိသားစုဝင် ၃ ဦး မီးလောင်ဒဏ်ရာရ
DVB
·
July 10, 2017
တနင်္သာရီတိုင်းဒေသကြီး ပုလောမြို့နယ် အမှတ် ၂ ရပ်ကွက်မှာ ဇူလိုင် ၉ ရက်နေ့ ညပိုင်းက တံငါလုပ်ငန်း လုပ်ကိုင်တဲ့ ဦးဝင်းဌေး ဆိုသူရဲ့ ၆ နှစ်အရွယ် သမီးငယ်ဟာ ရေနံဆီမီးခွက်ကို ဆော့ကစားရာမှ မီးလောင်ကျွမ်းခဲ့ပြီး မိသားစုဝင် ၃ ဦး ဒဏ်ရရှိခဲ့ပါတယ်။
မဇင်မာအေး (၆) နှစ် (ဘ) ဦးဝင်းဌေး ဆိုသူမှာ ရေနံဆီမီးခွက်ကို ဆော့ကစားရာမှ အနီးရှိ ဒီဇယ်ပုံးပေါ်သို့ မီးခွက်ကျသွားကာ မီးလောင်ကျွမ်းခဲ့ပြီး နေအိမ်အမိုးနဲ့ ဝါးထရံတချို့ မီးကူးစက်ကာ မဇင်မာအေးနဲ့ မိဘ ၂ ပါးစလုံးကို မီးလောင်ခဲ့ရတာပါ။
“ကလေးက နည်းနည်းစိုးရိမ်ရပါတယ်။ ကိုယ်ခန္ဓာရဲ့အပေါ်ယံ ၉၀ ရာခိုင်နှုန်းကို မီးလောင်ခံလိုက်ရတယ်။ အခု မြိတ်ဆေးရုံကြီးကို ခေါ်ယူလာပြီး အရေးပေါ် ကုသပေးထားရပါတယ်”လို့ မြိတ်ပြည်သူ့ဆေးရုံကြီး တာဝန်ကျဆရာဝန်တဦးက ပြောပါတယ်။
နေအိမ် မီးလောင်ကျွမ်းမှုကြောင့် ဖခင်ဖြစ်သူ ဦးဝင်းဌေးမှာ ရင်ဘတ်၊ ခြေထောက်နဲ့ ကျောပြင်မှာ မီးဟပ်ဒဏ်ရာ၊ မိခင်ဖြစ်သူ ဒေါ်ခင်မြတ်သူရဲ့ ခြေထောက်နဲ့ လက်တို့မှာ မီးဟပ်ဒဏ်ရာရရှိကာ ပုလောမြို့နယ် ပြည်သူ့ဆေးရုံကြီးမှာ ကုသပေးထားရကြောင်း သိရပါတယ်။
မီးလောင်မှုနဲ့ပတ်သက်ပြီး မီးပေါ့ဆစွာ သုံးစွဲခဲ့တဲ့ အိမ်ရှင်ဖြစ်သူ ဦးဝင်းဌေးကို ပုလောမြို့မ ရဲစခန်းမှ (ပ) ၇၆ / ၂၀၁၇၊ ရာဇသတ်ကြီးပုဒ်မ ၂၈၅/ ၃၃၈ အရ အမှုဖွင့် ဆောင်ရွက်ထားကြောင်း သိရပါတယ်။
သတင်း - မြတ်ထွဋ် (မြိတ်)