ပဒိုမန်းငြိမ်းမောင်အမှု သက်သေ ၆ ဦး ပယ်ချခံရ
အေးနိုင်
·
February 24, 2012
အင်းစိန်ထောင်မှာ ရုံးထုတ်တဲ့ ကေအန်ယူခေါင်းဆောင် ပဒိုမန်းငြိမ်းမောင်အမှုမှာ စွပ်စွဲခံရသူဘက်က သက်သေ ၈ ဦး တင်တဲ့အနက် ပြည်ထောင်စုငြိမ်းချမ်းရေးအဖွဲ့ခေါင်းဆောင် ဦးအောင်မင်း အပါအဝင် ၆ ဦးကို မနေ့က ရုံးချိန်းမှာ ပယ်လိုက်ပါတယ်။
[caption id="attachment_14974" align="alignright" width="300" caption="ပဒိုမန်းငြိမ်းမောင်"][/caption]
မနေ့ကရုံးကို သွားတဲ့ ပဒိုမန်းငြိမ်းမောင်ရဲ့ ရှေ့နေ ဦးကြီးမြင့်က ခုလို ပြောပါတယ်။
“တရားခံပြသက်သေ ၈ ယောက် တင်တယ်ပေါ့ဗျာ။ အဲဒါကို ၆ ယောက် ပယ်လိုက်တယ်ပေါ့။ ပယ်လိုက်တယ် ဆိုတာကတော့ အမှုထပ်ကြာမှာ စိုးလို့ ဆိုပြီးတော့ ပယ်လိုက်တယ်ပေါ့နော်။ ကျနော်တို့ဘက်က အင်းစိန် ထောင်ပိုင်ကြီး ၂ ယောက်ပေါ့ဗျာ။ ယခင်နဲ့ ယခု ထောင်ပိုင်ကြီး ၂ ယောက်ကို စစ်မယ်။ အဲဒါကို မတ်လ ၁ ရက် ကြာသပတေးနေ့မှာ စစ်မယ်၊ အဲဒါ မနေ့တုန်းက ထူးခြားချက်ပါပဲ။”
ပဒိုမန်းငြိမ်းမောင်ဟာ ထိုင်းနိုင်ငံကနေ တရုတ်နိုင်ငံကို လေကြောင်းခရီးနဲ့ အသွားမှာ ထိုင်းနိုင်ငံတွင်း ပြည်ဝင်ခွင့် ဗီဇာမရလို့ တရုတ်နိုင်ငံမှာ သောင်တင်နေရာက မြန်မာအာဏာပိုင်တွေထံ လွှဲပြောင်းပေးခံရပြီး ရုံးတင်ခံနေရတာပါ။
သူ့ကို ဖမ်းမိပြီးနောက် ကေအန်ယူ ခေါင်းဆောင်မှန်းသိတဲ့အခါ စစ်ကြောရေးမှာ ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေးအဖွဲ့က ကေအန်ယူနဲ့ အစိုးရအကြား ငြိမ်းချမ်းရေး ရရှိအောင် သူ့ထံက အကူအညီ တောင်းခဲ့ပြီး တရားမစွဲပါဘူးလို့ ကတိပေးခဲ့တယ်လို့ ဆိုပါတယ်။
ဒါနဲ့ပတ်သက်လို့ ဦးကြီးမြင့်က “အင်းစိန်ထောင်ထဲ ရောက်တဲ့အခါမှာ နေပြည်တော်က အရာရှိ၊ နောက် စစ်ကြောရေး ကာလမှာလည်း ထောက်လှမ်းရေးက အရာရှိကြီးတွေက အကူအညီ တောင်းတယ်ပေါ့ဗျာ။ ဖထီးဒီအချိန်မှာ အဖမ်းခံရတာ ဖထီးကံကောင်းတယ်ပေါ့။ ကျနော်တို့ကို ငြိမ်းချမ်းရေးရအောင် ကူညီပါ။ ကျနော်တို့ ဖထီးကို လုံးဝတရားမစွဲဘူး။ ဒါတွေမေ့ထားလိုက်လို့ အဲဒီလို ပြောတယ်ပေါ့။ အဲဒီလိုပြောပြီးတော့ တရားစွဲတဲ့အခါကျတော့ ဖထီးက စိတ်မကောင်းတဲ့ အခါကျတော့ သူက ဘာပြောလဲဆိုတော့ ကျနော် ဒီငြိမ်းချမ်းရေး ကိစ္စအတွက် အတတ်နိုင်ဆုံးကူညီခဲ့တယ် ဆိုတာကို သူက သူတို့လည်း ဒီလို ကတိပေးခဲ့တယ် ဆိုတာကို သက်သေပြချင်တာနဲ့ သူတို့ကို ခေါ်တာပါ။ ပယ်တဲ့ အကြောင်းရင်းကတော့ ဦးအောင်မင်းက အလုပ်များတယ်။ အမှုကြန့်ကြာမှာစိုးလို့ ဦးအောင်မင်းကို ပယ်တယ်ပေါ့ဗျာ။ ထောက်လှမ်းရေးအရာရှိ ၂ ယောက်နဲ့ နေပြည်တော်က အရာရှိကြီး ၂ ယောက် ကတော့ နာမည် မဖော်ပြနိုင်တဲ့အတွက် ပယ်တယ်လို့ ပြောတယ်။”
ပဒိုမန်းငြိမ်းမောင်နဲ့အတူ ကရင်ပြည်နယ် ဘားအံမြို့က တောင်ကလေး ဆရာတော်ဟာလည်း ကေအန်ယူနဲ့ အစိုးရအကြား ငြိမ်းချမ်းရေး စကားပြောအောင် ကူညီခဲ့တယ်လို့ ဆိုပါတယ်။
လာမယ့် သီတင်းပတ်ကျရင် တောင်ကလေးဆရာတော်က သက်သေအဖြစ် ထွက်ဖို့ စီစဉ်ထားပြီး ရုံးကလည်း ဆရာတော်ကြွလာရင် ခွင့်ပြုဖို့ ကတိပြုထားတယ်လို့ ပြောပါတယ်။
ပဒိုမန်းငြိမ်းမောင်ကို အင်းစိန်ထောင်တွင်းက တရားရုံးမှာ နိုင်ငံတော်ပုန်ကန်မှု၊ တရားမဝင် အသင်းအဖွဲ့နဲ့ ဆက်သွယ်မှု နှစ်ခုနဲ့ တရားစွဲဆိုထားပြီး ကြာသပတေးနေ့တိုင်း ရုံးထုတ်နေတာပါ။