ပင်လုံစိတ်ဓာတ်မွေးမြူလုပ်ဆောင်ကြရန် ဒေါ်စုတိုက်တွန်း
အေးနိုင်
·
February 24, 2012
မြန်မာပြည်မှာ စစ်မှန်တဲ့ ငြိမ်းချမ်းရေးအတွက် အင်အားစုအားလုံး သဘောထားကြီးကြီးနဲ့ ဆွေးနွေးအဖြေရှာကြပါလို့ ဒေါ်အောင်ဆန်းစုကြည်က ကချင်ပြည်နယ် ခရီးစဉ်မှာ တိုက်တွန်းလိုက်ပါတယ်။
ပြည်တွင်း ငြိမ်းချမ်းရေးကို သဘောထားကြီးကြီးထားပြီး နိုင်ငံရေးနည်းအရ ဖြေရှင်းမှ ပြေလည်မယ်လို့ ဒေါ်အောင်ဆန်းစုကြည်က ကချင်ပြည်နယ် မြစ်ကြီးနားမြို့က မနောကွင်းမှာ ဒီမနက်ပြုလုပ်တဲ့ လူထုဟောပြောပွဲမှာ ပြောဆိုပါတယ်။ ၁ နာရီခန့် ကြာမြင့်တဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ မိန့်ခွန်းမှာ ထည့်သွင်းပြောဆိုလိုက်တာပါ။
“အခု ကျမတို့ နိုင်ငံဟာ အပစ်အခတ်ရပ်စဲရေး လုပ်နေရတယ်ဆိုတာ ကချင်ပြည်နည်က လူတွေလည်း အသိဆုံးပါပဲ။ ကချင်ပြည်နယ်မှာလည်း အပစ်အခတ်ရပ်စဲရေးဆိုတာ နှစ်နဲ့ချီပြီး ရှိခဲ့တာပဲ။ အပစ်အခတ် ရပ်စဲရေးဆိုတာ တကယ့် ငြိမ်းချမ်းရေးအတွက် ပထမခြေလှမ်းပဲ ဖြစ်ပါတယ်။ အပစ်အခတ် ရပ်စဲလိုက်ရုံနဲ့ ငြိမ်းချမ်းရေး မရပါဘူး။ တကယ် အရေးကြီးတာက ကျမတို့ဟာ နိုင်ငံရေးအရ သဘောတူညီချက် ရမှပါ။ နိုင်ငံရေးအရ သဘောတူညီမှု ရဖို့ဆိုတာက ဆွေးနွေးပြီးတော့ လုပ်ယူရမှာပါ။ တိုက်ခိုက်ပြီးတော့ ရယူလို့ မရပါဘူး။ တကယ့် ငြိမ်းချမ်းရေးဆိုတာ ဆွေးနွေးပြီးတော့ ရယူရမှာ ဖြစ်ပါတယ်။”
ဘောလုံးကွင်း ၂ ကွင်းစာလောက် ကျယ်တဲ့ကွင်းမှာ ပရိသတ် ထောင်ပေါင်းများစွာ ကွင်းလုံးပြည့် တက်ရောက်ပါတယ်။ မြစ်ကြီးနား မနောကွင်းမှာ ၁ နာရီခန့်ကြာ ဟောပြောပြီးတဲ့နောက် ဒေါ်အောင်ဆန်းစုကြည်ဟာ ကချင်ပြည်နယ် ဗန်းမော်မြို့ကို လေယာဉ်နဲ့ သွားရောက်ပါတယ်။
ဗန်းမော်လေဆိပ်မှာ ဗန်းမော်ဂျီတီစီက ရာနဲ့ချီတဲ့ ကျောင်းသားတွေ၊ ကချင်၊ ရှမ်းနဲ့ဗမာ စတဲ့ ဒေသခံ ထောင်ပေါင်းများစွာဟာလည်း လေယာဉ်ကွင်းအနီး ဟောပြောမယ့် ဗန်းမော် မနောကွင်းက မွန်းလွဲ ၁ နာရီ နေပူကျဲကျဲမှာ စောင့်ဆိုင်းနေကြပါတယ်။
ကျောင်းသားတဦးက ဒေါ်အောင်ဆန်းစုကြည်ကို ပြောချင်တာနဲ့ ပတ်သက်လို့ “ကချင်ပြည်နယ် ငြိမ်းချမ်းဖို့ဗျာ၊ ကျနော်တို့ ကျောင်းတက်နေရင်း ဗုံးသံတွေ ကြားရတယ်ဗျာ။ ပြီးတော့ ညနေ ၆ နာရီ ၇ နာရီလောက်ဆို ဂိတ်ပိတ်တယ်ပေါ့ အဲဒါတွေကိုလည်း ပြီးစေချင်ပြီဗျာ။ ပြီးတော့ ကျနော်တို့ ကျောင်းသားတွေ တခြားကျောင်းသားတွေနဲ့ တန်းတူမရှိဘူးဗျာ၊ စာမေးပွဲ စစ်တဲ့နေရာမှာပေါ့။ ပြီးတော့ ကျောင်းပြီးတဲ့အခါမှာ အလုပ်အကိုင် အခွင့်အရေး ရတဲ့နေရာတွေ ဘာတွေ မရှိဘူးဗျ။ ကျနော်တို့ ကျောင်းပြီးသွားရင် သူများကျောင်းလို အလုပ်တန်းမရဘူးဗျာ။”
ဗန်းမော် မနောကွင်းမှာ ပြောတဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ မိန့်ခွန်းမှာလည်း အဓိကအားဖြင့် ပင်လုံသဘောတူညီချက်၊ ပင်လုံစိတ်ဓာတ် စတာတွေကို ဦးစားပေး ပြောဆိုခဲ့ပါတယ်။ ဒီနိုင်ငံမှာ ငြိမ်းချမ်းရေးမရှိတဲ့ အခြေခံ အကြောင်းရင်းတွေက တန်းတူညီမျှမှု မရှိတာကြောင့်လို့ သူက ပြောပါတယ်။
“အခု ဒီနိုင်ငံမှာ ငြိမ်းချမ်းရေးမရှိတဲ့ အခြေခံအကြောင်းရင်းတွေက ဘာတွေလဲဆိုတော့ ဖွံ့ဖြိုးရေးအရ ရုပ်ဝတ္ထု ညီမျှမှု မရှိတာ၊ နိုင်ငံရေးအရ တန်းတူညီမျှမှု မရှိတာ၊ နိုင်ငံရေးအရရော၊ စီးပွားရေး ဖွံ့ဖြိုးရေးအရရော တန်းတူ ညီဖို့ မျှဖို့ကို အခြေခံက ဒီနိုင်ငံမှာ အေးချမ်းပြီး ငြိမ်းချမ်းမှ ဖြစ်ပါတယ်။ တိုးတက်နိုင်မှာ ဖြစ်ပါတယ်။”
အသက် ၆၆ နှစ်ရှိပြီဖြစ်တဲ့ ဒေါ်အောင်ဆန်းစုကြည်ဟာ မနေ့မနက်ပိုင်းက ရန်ကုန်မြို့ကနေ လေကြောင်းခရီးနဲ့ မြစ်ကြီးနားကို ဆိုက်ရောက်ပြီး မော်တော်ယာဉ်တန်းနဲ့ နမ္မတီးဘောလုံးကွင်း၊ မိုးကောင်းမြို့နယ် ဘောလုံးကွင်းတွေမှာ လူထုကို မိန့်ခွန်း ပြောဆိုခဲ့ပါတယ်။ လာရောက်ကြိုဆိုသူ အားပေးထောက်ခံသူတွေ များတာကြောင့် ယာဉ်တန်းဟာ ခရီးမတွင်တာကြောင့် မြစ်ကြီးနားကို မနေ့ည ၇ နာရီခန့်မှ ရောက်ရှိပါတယ်။
အဲဒီ့နောက် မြစ်ကြီးနားမြို့ မနောကွင်းက မဂျွယ်ခန်းမမှာ ကျင်းပတဲ့ မိတ်ဆုံစားပွဲကိုတက်ရောက်ပြီး ကချင်တိုင်းရင်းသားခေါင်းဆောင်တွေ၊ ရပ်မိရပ်ဖတွေ၊ ကချင်အတိုင်ပင်ခံအဖွဲ့ဝင်တွေ၊ ဘာသာရေးနဲ့ယဉ်ကျေးမှုက တာဝန်ရှိသူတွေကို တရင်းတနှီး မိတ်ဆက်စကား ပြောဆိုခဲ့ပါတယ်။
ပြည်တွင်းငြိမ်းချမ်းရေးရဖို့အတွက် ပင်လုံစိတ်ဓာတ်နဲ့ လုပ်ကြရမယ်လို့ ဒေါ်အောင်ဆန်းစုကြည်က ကချင်ပြည်နယ် ဗန်းမော်မြို့က မနောကွင်းမှာ ဒီနေ့မွန်းလွဲတနာရီက စတင်တဲ့ လူထုဟောပြောပွဲမှာ ပြောဆိုပါတယ်၊ ဘောလုံကွင်းနှစ်ကွင်းစာခန့်အပြည့် လူထုပရိသတ် တက်ရောက်အားပေး ခဲ့ကြတယ်လို့ မျက်မြင်တွေက ပြောပါတယ်။ အခုရတဲ့ အသံဖိုင်မှာ အသံမကြည်လင် တဲ့အတွက် တောင်းပန်ပါတယ်။
ပြည်တွင်းငြိမ်းချမ်းရေးကို သဘောထားအကြီးပြိုင်ကြပြီး နိုင်ငံရေးနည်းအရ ဖြေရှင်းမှ ပြေလည်မယ်လို့ ဒေါ်အောင်ဆန်းစုကြည်က ကချင်ပြည်နယ်မြစ်ကြီးနားမြို့က မနောကွင်းမှာ ဒီမနက်ပြုလုပ်တဲ့ လူထုဟောပြောပွဲမှာ ပြောဆိုပါတယ်၊ တနာရီခန့်ကြာမြင့်တဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ မိန့်ခွန်းမှာ ထည့်သွင်းပြောဆိုလိုက်တာပါ၊ မနောကွင်းမှာဟောပြောပြီးတဲ့နောက် ဒေါ်အောင်ဆန်းစုကြည်ဟာ ကချင်ပြည်နယ် ဗန်းမော်မြို့မှာ ဟောပြောဖို့ လေယာဉ်နဲ့ထွက်ခွာဖို့ပြင်ဆင်ပါတယ်၊
မြစ်ကြီးနား မနောကွင်းက ဟောပြောပွဲကို ထုတ်လွင့်ပေးပါတယ်၊ အစပိုင်း ဆယ့်ငါးမိနစ်ကျော် မိန့်ခွန်းပိုင်း ပြတ်တောက်( စက်ချွတ်ယွင်းမှုကြောင့်) တာကို နောက်ပိုင်းမှာ ပြန်လည်ထည့်သွင်းပေးပါမယ်။