Home
မြန်မာသတင်း
ငွေ ၁၅၀၀ တောင်းသည့်ကိစ္စ စကားများရာမှ ပြည်သူ့စစ်က သေနတ်ဖြင့် ပစ်ခတ်၊ ၁ ဦး သေဆုံး
DVB
·
July 7, 2017
မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ စွပ္ပနူးကျေးရွာ၊ ကျောက်ရေကန်ပိုင်းမှာ ဇူလိုင် ၆ ရက်နေ့ည ၈ နာရီချိန်လောက်က ငွေ ၁၅၀၀ တောင်းတဲ့ကိစ္စနဲ့ စကားများရာမှ ကျေးရွာပြည်သူ့စစ်က သေနတ်နဲ့ပစ်ခတ်လို့ လူ ၁ ဦး သေဆုံးသွားကြောင်း ရဲက ပြောပါတယ်။ ဖြစ်စဉ်မှာ သေဆုံးသွားသူဟာ ခလွန်ကျေးရွာနေသူ ဖိုးဇော် ၂၇ နှစ်ဖြစ်ပြီး ယိုးဒယားနိုင်ငံလုပ်ခေါက်ဆွဲခြောက်တွေကို ဆိုင်ကယ်နဲ့ တင်ဆောင်ကာ ခလွန်-စွပ္ပနူး-မုပ္ပလင် ကျေးရွာလမ်းအတိုင်း မောင်းနှင်လာစဉ် စွပ္ပနူးကျေးရွာအရောက် ကျေးရွာပြည်သူ့စစ် ခေါင်းဆောင် တင်ထွန်းက ပစ္စည်းတင်ဆောင်လာတဲ့အတွက် ငွေကျပ် ၁၅၀၀ ပေးဖို့ တောင်းခံရာ ဖိုးဇော်မှ ၅၀၀ သာပေးနိုင်မယ်လို့ ပြောဆိုလို့ စကားများခဲ့ပြီး ဖိုးဇော်က ရွာဘက်ကို ဆက်လက်ထွက်ခွာခဲ့ကြောင်း ပြောပါတယ်။ ဒီနောက် ဖိုးဇော်ဟာ ပစ္စည်းပို့ပြီးနောက် သူနေထိုင်တဲ့ ခလွန်ကျေးရွာကို ပြန်လာစဉ် လမ်းမှာ သူငယ်ချင်းဖြစ်သူ သန်းထိုက်ကျော်နဲ့တွေ့ပြီး ပြဿနာဖြစ်ကြောင်းပြောပြရာ သန်းထိုက်ကျော်က ပြန်လည်တောင်းပန်ဖို့ပြောလို့ နှစ်ဦးသား ပြန်လည်သွားရောက်ရာမှာ တင်ထွန်းက မကျေနပ်လို့ ပြန်လာတာလားလို့ ပြောဆိုပြီး သူကိုင်ဆောင်ထားတဲ့ M-22 မောင်းပြန်ရိုင်ဖယ်နဲ့ ပစ်ခတ်လို့ ဖိုးဇော်မှာ ဇက်ပိုးပေါက်ထွက်ဒဏ်ရာနဲ့ လဲကျသေဆုံးခဲ့ပြီး ပြည်သူ့စစ်အဖွဲ့က လူတဦးကလည်း သန်းထိုက်ကျော်ကို တူနဲ့ထုလို့ သန်းထိုက်ကျော်မှာ ဦးခေါင်းငယ်ထိပ်ပေါက်ပြဲ၊ ယာဘက်လက်ဖူးယောင်ဒဏ်ရာတွေ ရရှိခဲ့တယ်လို့ ရဲစခန်းက ပြောပါတယ်။ သိမ်ဇရပ်နယ်မြေရဲစခန်းမှူး ရဲအုပ်တင်အောင်စိုးက “ခုသေသွားတဲ့သူက ထိုင်းနိုင်ငံထုတ် ခေါက်ဆွဲခြောက်တွေကို ဆိုင်ကယ်နဲ့ တင်လာတယ်။ သူက ဆိုင်ကယ်ကယ်ရီသမားပါ။ ဒါကို ကျေးရွာပြည်သူ့စစ် ခေါင်းဆောင်နဲ့အဖွဲ့က ငွေ ၁၅၀၀ တောင်းတယ်။ သေသူက ၅၀၀ ပဲပေးနိုင်မယ်လို့ ပြောပြီးထွက်သွားတယ်။ ပြန်လာတော့ သူ့သူငယ်ချင်းကို ပြည်သူစစ်နဲ့ ဖြစ်တဲ့ပြဿနာကို ပြောပြတော့ သွားတောင်းပန်ဖို့ ပြည်သူ့စစ်ရှိတဲ့နေရာကို သွားတယ်။ ဒါကို ပြည်သူ့စစ်ခေါင်းဆောင်က မကျေနပ်လို့ ပြန်လာတာလားလို့ပြောပြီး သေနတ်နဲ့ပစ်လို့ ကယ်ရီသမား သေသွားတယ်။ နောက်တယောက်ကတော့ ပြည်သူ့စစ်အဖွဲ့က တူနဲ့ထုလို့ ဆေးရုံတင်ထားရတယ်” လို့ ပြောပါတယ်။ သန်းထိုက်ကျော်မှ တရားလိုပြုလုပ်တိုင်တန်းသဖြင့် သိမ်ဇရပ်နယ်မြေ ရဲစခန်းက တင်ထွန်း (ခ) နှာပြတ်နဲ့ တူနဲ့ထုသူ အရပ်ပု အသားမဲ လူမြင်မှတ်မိသူတို့ ၂ ဦးကို ရာဇသတ်ကြီးပုဒ်မ-၃၀၂/ ၃၂၅ နဲ့ အမှုဖွင့်အရေးယူဆောင်ရွက်ထားတယ်လို့ ရဲမှတ်တမ်းတွေအရ သိရပါတယ်။ သတင်း-ယူမင်းစိုး
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024