A d v e r t i s e m e n t With Us

မြောက်ကိုရီးယား ဒုံးကျည်စမ်းသပ်မှု လက်မခံနိုင်ကြောင်း တရုတ်သံအမတ်ပြော

ဓာတ်ပုံ - ရိုက်တာ
ဇူလိုင် ၄ ရက်နေ့ကလုပ်ခဲ့တဲ့ မြောက်ကိုရီးယား နျူကလီးယားဒုံးကျည် စမ်းသပ်မှုဟာ လုံးဝ လက်မခံနိုင်တဲ့ လုပ်ရပ်ဖြစ်တယ်လို့ ကုလသမဂ္ဂဆိုင်ရာ တရုတ်သံအမတ်ကြီးက ဇူလိုင် ၅ ရက်နေ့မှာ ပြောကြားလိုက်ပါတယ်။ ကုလသမဂ္ဂဆိုင်ရာ တရုတ်သံအမတ်ကြီး လျူဂျယ်ရီက “ဇူလိုင် ၄ ရက်နေ့က မြောက်ကိုရီးယားရဲ့ ဒုံးကျည်စမ်းသပ်ပစ်လွှတ်မှုဟာ လုံခြုံရေးကောင်စီ ဆုံးဖြတ်ချက်တွေကို ပြောင်ပြောင်တင်းတင်း ချိုးဖောက်ပြီး နိုင်ငံတကာ အသိုင်းအဝိုင်း တခုလုံးရဲ့ ဆန္ဒကို မလေးစားတာဖြစ်ပါတယ်။ ဒီဒုံးကျည်ပစ်လွှတ်မှုကို တရုတ်နိုင်ငံက လက်မခံနိုင်ပါဘူး။ မြောက်ကိုရီးယားအနေနဲ့ လုံခြုံရေးကောင်စီ ဆုံးဖြတ်ချက်တွေကို လိုက်နာပြီး ကိုရီးယားကျွန်းဆွယ်မှာ တင်းမာမှုတွေ ထပ်မံမဖြစ်ပွားရေးအတွက် နောက်ထပ် စမ်းသပ်မှုတွေ မပြုလုပ်ဖို့ တရုတ်နိုင်ငံက အလေးအနက် တိုက်တွန်းပါတယ်။ တချိန်တည်းမှာပဲ သက်ဆိုင်ရာနိုင်ငံတွေကို ချုပ်တည်းကြဖို့၊ ရန်စတဲ့ အပြုအမူတွေ ရှောင်ကြဉ်ဖို့၊ အပြန်အလှန်ဆွေးနွေးမယ့်ဆန္ဒ ရှိကြဖို့နဲ့ တင်းမာမှုလျော့ပါးစေရေးအတွက် အတူတကွ ပူးပေါင်းဆောင်ရွက်ကြဖို့ တောင်းဆိုပါတယ်” လို့ ပြောကြားခဲ့ပါတယ်။ ကုလသမဂ္ဂဆိုင်ရာ အမေရိကန်သံအမတ်ကြီး နစ်ကီဟာလေက “လုံခြုံရေးကောင်စီက ဆုံးဖြတ်ချက်တွေ ထပ်တလဲလဲချလည်း ဘာမှဖြစ်မလာဘူး။ မြောက်ကိုရီးယား လုပ်ရပ်တွေကို ရှင်တို့သဘောကျရင် ဗီတိုအာဏာသုံးပါ။ မြောက်ကိုရီးယားနဲ့ မိတ်ဆွေဖြစ်ချင်ရင် ဗီတိုအာဏာသုံးပါ။ ဒါကို ခြိမ်းခြောက်မှုလို့မြင်ရင်တော့ မြောက်ကိုရီးယားအင်အားပြနေတာကို အမှန်အတိုင်းမြင်ရင်တော့ မြောက်ကိုရီးယားကို အရေးယူပိတ်ဆို့ဖို့ နိုင်ငံတကာ အသိုင်းအဝိုင်းနဲ့အတူ ရပ်တည်ပြီးထောက်ခံပါ။ ရှင်တို့မလုပ်ဘူးဆိုရင် ကျမတို့နည်း ကျမတို့ဟန်နဲ့ လုပ်ရလိမ့်မယ်” လို့ ပြောကြားခဲ့ပါတယ်။ ကုလသမဂ္ဂဆိုင်ရာ တောင်ကိုရီးယားသံအမတ်ကြီးက “မြောက်ကိုရီးယားဟာ နျူကလီးယားလက်နက်ကို အသုံးချပြီး နိုင်ငံရေးအရ အသာစီးယူတာကို စွန့်လွှတ်ရပါမယ်။ နောက်ပြန်လှည့်မရတဲ့ အခြေအနေကို မရောက်အောင် နောက်ပြန်ဆုတ်ရပါမယ်။ နျူကလီးယား ဒုံးလက်နက် ဖွံ့ဖြိုးမှုဟာ မြောက်ကိုရီးယားကို လုံခြုံစေတယ်ဆိုတဲ့ အမြင်မှားကနေ နိုးထပြီး နျူကလီးယားကင်းစင်ရေး လမ်းကြောင်းကို ရွေးချယ်ရပါမယ်” လို့ ပြောကြားခဲ့ပါတယ်။ ဇူလိုင် ၄ ရက်နေ့က မြောက်ကိုရီးယားဟာ ပထမဆုံးအကြိမ် တိုက်ချင်းပစ်ဒုံးကျည်ကို အောင်မြင်စွာ ပစ်ခတ်ခဲ့တာ ဖြစ်ပါတယ်။

A d v e r t i s e m e n t With Us

More News
Up