A d v e r t i s e m e n t With Us

နွားရိုင်းကြီးကို မြေပေါ်လှဲသိပ်ပြသည့် အံ့ဖွယ်မိန်းကလေး (ရုပ်သံ)

တရုတ်နိုင်ငံမှ အသက် ၂၃ နှစ်အရွယ် မိန်းကလေးတဦးဟာ ဂျူဒိုမယ်အဖြစ်ကနေ နိုင်ငံရဲ့ ပထမဆုံးသော အမျိုးသမီး နွားရိုင်းသတ်အားကစားမယ်တဦး ဖြစ်လာခဲ့ပါတယ်။ တာအိုမင်ဖန်ဟာ သူ့ခန္ဓာကိုယ် အရွယ်အစားနဲ့ အလေးချိန်ရဲ့ ၁၀ ဆလောက်ရှိတဲ့ နွားရိုင်းတွေကို လုံးထွေးသတ်ပုတ် ကစားပြနိုင်ခဲ့တဲ့အတွက် ခုသီတင်းပတ်အတွင်းမှာတော့ သတင်းခေါင်းစီးတွေမှာ နေရာယူထားခဲ့တာပါ။ သူဟာ အရင်တုန်းကတော့ ဂျူဒိုစတားတဦးဖြစ်ခဲ့ဖူးပြီး ၂၀၁၃ ခုနှစ်မှာ အနားယူခဲ့ကာ လက်ရှိမှာတော့ နန်ကျင်း ကာယပညာရေးကောလိပ်မှာ ပထမနှစ်ကျောင်းသူအဖြစ် တက်ရောက် သင်ကြားနေတာပါ။ တရုတ်နိုင်ငံမှာ ကျင်းပတဲ့ နွားရိုင်းသတ် အားကစားပြိုင်ပွဲတွေဟာ စပိန်နွားရိုင်းသတ်ပွဲတွေလို လူကို ထိခိုက်သေဆုံးစေတာမျိုး ခွင့်ပြုမထားပါဘူး။ တာအိုမင်ဖန်အနေနဲ့ ခုလို နွားရိုင်းသတ်ပြိုင်ပွဲမှာ ပါဝင်တာဟာ ဒုတိယအကြိမ်ဖြစ်ပြီး မနှစ်က ပထမဆုံးပြိုင်တဲ့ပွဲမှာတော့ နွားရိုင်းကို မြေပေါ် မလှဲချနိုင်ခဲ့ဘူးလို့ ဆိုပါတယ်။ “ကျမငယ်ငယ်တုန်းက နွားရိုင်းကို မမြင်ဖူးခဲ့ဘူး။ ပြီးတော့ ခုလိုစွမ်းရည်မျိုးနဲ့လည်း အကျွမ်းတဝင် မရှိခဲ့ဘူးလေ။ အဲဒါက အရမ်းစိတ်ပျက်စရာကောင်းတယ်။” အခုနှစ်ရဲ့ ပြိုင်ပွဲမှာတော့ သူဟာ အလေးချိန် ၃၃၀ ကီလိုဂရမ်ရှိတဲ့ နွားရိုင်းကြီးကို မြေပြင်ပေါ် လှဲသိပ်နိုင်ရုံတင်မကဘဲ ပထမဆုံးသော နွားရိုင်းသတ်အားကစားမယ်တဦးအဖြစ်ပါ အသိအမှတ်ပြုခံခဲ့ရပါပြီ။ “တရုတ်နိုင်ငံရဲ့သမိုင်းမှာ အမျိုးသားတွေသာ နွားရိုင်းသတ်ပွဲတွေမှာ ပါဝင်ကြတယ်။ ဒါပေမယ့် ခုတော့ ကျမက နွားရိုင်းကို လှဲသိပ်နိုင်ခဲ့တဲ့ ပထမဆုံးအမျိုးသမီးဖြစ်ခဲ့ပြီလေ” လို့ တာအိုမင်ဖန်က ပြောပါတယ်။ သူ့အနေနဲ့ ဘဝမှာ ဖြစ်ချင်တဲ့အိပ်မက် ၂ ခုရှိပြီး စစ်လက်နက်နဲ့ နည်းဗျူဟာဆိုင်ရာ အရာရှိတဦးလုပ်ချင်ပြီး ကာယနည်းပြဆရာမအဖြစ်ကနေ အနားယူချင်တယ်လို့ ဆိုပါတယ်။

A d v e r t i s e m e n t With Us

More News
Up