Home
မြန်မာသတင်း
ချင်းတွင်းမြစ်ရေ အဆက်မပြတ်မြင့်တက်မှုကြောင့် ရေယာဉ်များပြေးဆွဲမှုရပ်နားမည်
DVB
·
July 6, 2017
  ချင်းတွင်းမြစ်ရေ အဆက်မပြတ်မြင့်တက်နေတာကြောင့် မုံရွာမြို့မှာရှိတဲ့ ကုန်တင်ရေယာဉ်နဲ့ ခရီးသည်ရေယာဉ်တွေပြေးဆွဲမှုကို ဇူလိုင်လ ၈ ရက်နေ့ကနေ ၁၂ ရက်နေ့အထိ ယာယီရပ်နားထားမှာ ဖြစ်တယ်လို့ သိရပါတယ်။ အခုလို ရပ်နားရတာဟာ ရေယာဉ်အန္တရာယ် ခရီးသည်များရဲ့ အသက်အန္တရာယ် ဖြစ်ပေါ် နိုင်တာကြောင့်လို့ သိရပါတယ်။ မုံရွာမြို့ ရေယာဉ်များစနစ်တကျ ပြေးဆွဲရေးကော်မတီမှ ဌာနမှူး ဦးသောင်းညွှန့်က "ကျနော်တို့ ဇူလိုင်လ ၆ ရက်နေ့ရက်က ရေယာဉ်အသင်းတာဝန်ခံတွေ၊ ရေအရင်းမြစ်ဖွံ့ဖြိုး တိုးတက်ရေးက တာဝန်ခံတွေ၊ ဇလဗေဒက တာဝန်ရှိသူတွေ စသဖြင့် အဖွဲ့စည်းတွေအားလုံး အစည်းဝေးလုပ်ကြ တယ်။ အခုရပ်နားတာကလည်း အားလုံးသဘောတူညီချက်နဲ့ ဆုံးဖြတ်ပြီး လုပ်တာပါ။ ရေအခြေနေကြည့်ပြီးမှ ပြန်လည်ပြေးဆွဲမှာ ဖြစ်ပါတယ်။ အခုအချိန် ရေက အတင်းထိုးတက်နေ aတာ့ ရေကြောင်းပြောင်းလဲမှုတွေရှိတယ်။ မြစ်ဝဲအန္တရာယ်ကလည်း စိုးရိမ်ရပါတယ်။ ဒါ့ကြောင့် ရပ်နားရတာပါ" လို့ ပြောပါတယ်။ မုံရွာမြို့မှာ ချင်တွင်းမြစ်အတွင်း ပြေးဆွဲနေတဲ့ ရေယာဉ်အသင်း ၂၈ သင်းရှိပြီး ခရီးသည် ရေယာဉ်အသင်း ၁၀ သင်းနဲ့ ကုန်တင်ရေယာဉ်အသင်း ၁၈ သင်းတို့ ရှိကာ ရေယာဉ်ပေါင်း ၁၂၉ စင်း ပြေးဆွဲနေတယ်လို့ သိရပါတယ်။ မုံရွာမြို့ရဲ့ စိုးရိမ်ချိန်ရေအမှတ်ဟာ ၁၀၀၀ စင်တီမီတာဖြစ်ပြီး ဇူလိုင်လ ၆ ရက်နေ့ကတော့ ၉၆၇ စင်တီမီတာ ရှိနေပါတယ်။ သတင်း - ရန်နိုင်စိုး
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024