မဲဆောက်တွင် ယာဉ်တိုက်မှုဖြစ်ပြီး ထိုင်း ၂ ဦး သေဆုံးမှုဖြင့် မြန်မာကားသမားကို ဖမ်းဆီး
DVB
·
July 6, 2017
ထိုင်းနိုင်ငံ၊ တာ့ခ်ခရိုင်၊ မဲဆောက်ဒေသတွင်းမှာ ကားနဲ့ ဆိုင်ကယ်တိုက်မိပြီး ဆိုင်ကယ်ပေါ်ပါ ထိုင်းလူမျိုး ၂ ဦး သေဆုံးမှုနဲ့ မြန်မာကားသမားကို ထိုင်းရဲတွေက ဖမ်းဆီးထားပါတယ်။
ဇူလိုင်လ ၅ ရက်နေ့ ညပိုင်းက အာရှအဝေးပြေးလမ်းမပေါ် မက်ခရို ဈေးဝယ်စင်တာအနီးမှာ ယာဉ်တိုက်မှု ဖြစ်ခဲ့တာလို့ ရဲတွေက ပြောပါတယ်။
သေဆုံးခဲ့သူ ၂ ဦးကတော့ အသက် ၂၅ နှစ်အရွယ် ကီတိခွန် ဆန်ကရူနဲ့ အဒေါ် ဖြစ်တဲ့ အသက် ၅၄ နှစ်အရွယ် ဆူခန် ဆန်ကရူတို့ ဖြစ်ကြတယ်လို့ သည်နေးရှင်းသတင်းတပုဒ်မှာ ဖော်ပြပါတယ်။
သူတို့ ၂ ဦး စီးနင်းလာတဲ့ ဆိုင်ကယ်နဲ့ မြန်မာယာဉ်မောင်း မောင်းနှင်လာတဲ့ ဗဲန်ကား တိုက်မိခဲ့တာဖြစ်ပြီး သေဆုံးခဲ့ရတာပါ။
လက်ရှိမှာတော့ အသက် ၃၀ အရွယ် မြန်မာယာဉ်မောင်းအမျိုးသားကို ရဲတွေက ဖမ်းဆီးထားပြီး အသေးစိတ် အခြေအနေတွေကိုတော့ မသိရသေးပါဘူး။