Home
မြန်မာသတင်း
သတင်းထောက် ၃ ဦးကို မတရားအသင်းပုဒ်မဖြင့် ဖမ်းဆီးထားမှု ဥပဒေနှင့်မကိုက်ညီဟု ဥပဒေပညာရှင်များသုံးသပ်
DVB
·
July 5, 2017
  ဒီဗွီဘီနဲ့ ဧရာဝတီသတင်းထောက် ၃ဦးကို တပ်မတော်က မတရားအသင်းအက်ဥပဒေ ပုဒ်မ ၁၇ (၁) နဲ့ ဖမ်းဆီး အရေးယူထားတာဟာ  ဒီဥပဒေပါ ဖွင့်ဆိုပြဋ္ဌာန်းချက်တွေနဲ့ ကိုက်ညီမှု မရှိဘူးလို့  ဥပဒေ ကျွမ်းကျင်သူတွေက သုံးသပ်ပြောပါတယ်။ ကိုလိုနီလက်ထက်ကတည်းက ပြဌာန်းထားခဲ့တဲ့ ၁၉၀၈ ခုနှစ် မတရားအသင်း အက်ဥပဒေ ပုဒ်မ ၁၇ (၁) မှာ မည်သူမဆို မတရားအသင်း၏ အဖွဲ့ဝင်ဖြစ်လျှင် သို့တည်းမဟုတ် ယင်းအသင်း၏ အစည်းအဝေး၌ ပါဝင်ဆောင်ရွက်လျှင်၊  သို့တည်းမဟုတ် ယင်းအသင်းအတွက် ဝင်ကြေးထည့်ဝင်၊ ရယူ၊ တောင်းခံလျှင်  သို့တည်းမဟုတ် တစ်နည်းနည်းဖြင့် ယင်းအသင်း၏ လုပ်ကိုင်ဆောင်ရွက်ရာတွင် ကူညီလျှင် ပြစ်မှုမြောက်တယ်လို့ ပြဌာန်းထားပါတယ်။ ပြစ်ဒဏ်ပြဋ္ဌာန်းချက်မှာတော့ အပြစ်ရှိတယ်လို့ ဆုံးဖြတ်ရင်  ထောင်ဒဏ် ၂နှစ်ထက်မနည်း၊ ၃နှစ်ထက်မပိုသော ထောင်ဒဏ်နှင့် ငွေဒဏ်ကိုပါ စီရင်ခြင်းခံရမည်လို့ ပြဌာန်းထားပါတယ်။ ခုလို  မတရားအသင်းဥပဒေ ပုဒ်မ ၁၇ (၁)နဲ့ သတင်းသမားတွေကို အရေးယူထားတာနဲ့ ပတ်သက်လို့  ဥပဒေပညာရှင် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်ဟောင်း  ဦးသိန်းညွန့်က “သေချာပြန်ကြည့်တဲ့အခါမှာ မည်သူမဆို  မတရားအသင်းဝင်ဖြစ်ရင်၊ အဲတော့ ဘယ်သတင်း မီဒီယာသမားတဦးကမှ မတရားအသင်းဝင်မှ မဟုတ်ဘဲ ဒါတချက် ဒီဥပဒေနဲ့ အကျုံး မဝင်တော့ဘူး။ အဲဒီအသင်းရဲ့ အစည်းအဝေးကို ၀င်ရောက်ဆင်နွှဲရင်၊  ဆိုတော့ သူတို့က အစည်းအဝေးကို သွားတက်တာ မဟုတ်ဘူး။ မူးယစ်ဆေးဝါး နှိမ်နင်းရေးနဲ့ ပတ်သက်ပြီး သတင်းသွားယူတာ၊ ပြီးတော့ အဲဒီအသင်းအတွက် ငွေတွေ ရိက္ခာတွေ ငွေပေးရမယ်၊ ရိက္ခာပေးရ မယ်၊ ထောက်ပံ့ကြေးရယူခြင်း တောင်းဆိုခြင်းပြုရင်၊ အဲဒီတော့ ဒီဥပဒေရဲ့ အင်္ဂါရပ်တွေနဲ့ သတင်းမီဒီယာသမား ၃ ယောက် သတင်းသွားယူတာနဲ့ကတော့ ဘယ်လိုမှာ အကျုံးမ၀င်ဘူး။ ဥပဒေပြဋ္ဌာန်းချက်အတိုင်း ပြောရရင်တော့ ဒီသတင်းမီဒီယာသမား ၃ ယောက်ကို အခုလို ၁၇ (၁)နဲ့ အရေးယူမယ့်အစား ပြန်လည်ပြီးတော့ လွှတ်ပေးလိုက်တာ အကောင်းဆုံးပါပဲလို့ ကျနော် မြင်ပါတယ်။”လို့သုံးသပ်ပြောပါတယ်။ ဦးသိန်းညွန့်ဟာ အမျိုးသား ဒီမိုကရေစီပါတီသစ် ဥက္ကဋ္ဌ ဖြစ်သလို  ပထမအကြိမ် ပြည်သူ့လွှတ်တော်မှာ အဆိုပါ မတရားအသင်းများအက်ဥပဒေကို ရုပ်သိမ်းပေးဖို့ အဆိုတင်ခဲ့သူလည်းဖြစ်ပါတယ်။ တရားလွှတ်တော် ရှေ့နေ ဦးသိန်းသန်းဦးကလည်း သတင်းသမားတွေဟာ မတရားသင်း အဖွဲ့ဝင်မဟုတ်သလို အစည်းဝေးသွားတက်တာလည်း မဟုတ်တဲ့အတွက် ဒီဥပဒေနဲ့ အရေးယူတာဟာ မှန်ကန်မှုမရှိဘူးလို့  ဒီဗွီဘီကို  ပြောပါတယ်။ “ ဒီပုဒ်မနဲ့တော့ ဘယ်လိုမှ မကိုက်ညီဘူး။ ၁၉၀၈ ခုနှစ် မတရားအသင်း ဥပဒေ ၁၇ (၁) မှာ သူက နံပါတ် ၁ က အဲဒီ မတရားအသင်းကြေငြာခံထားရတဲ့ အသင်းဝင်ဖြစ်ရမယ်။ ၂ က အဲဒီ အသင်းရဲ့ အစည်းအဝေးကို တက်ရမယ်။ ၃ က အဲဒီအသင်းအတွက် ငွေကြေးကောက်ခံတာတွေ လုပ်ပေးရမယ်။ ၄ က အဲဒီအသင်းအတွက် လုပ်ကိုင်ဆောင်ရွက်ပေးတာတွေ ရှိရမယ်။ ခုက အဲဒီ အချက်တွေနဲ့ လုံးဝ မကိုက်ညီဘူး။ အသင်းဝင်လည်း မဟုတ်ဘူး။ အစည်းအဝေးတက်တာလည်း မဟုတ်ဘူး။ သတင်းသွားယူတာ။ ငွေကြေးလည်း မကောက်ပေးဘူး။ ထောက်ပံ့တာတွေလည်း ဘာမှ မလုပ်ဘူး” လို့ ပြောပါတယ်။ အလားတူ ဥပဒေအထောက်အကူပြုကွန်ရက်ကလည်း သတင်းသမားတွေဟာ ပုဒ်မ ၁၇ (၁)ပါ အင်္ဂါရပ်တွေနဲ့ လုံးဝညိစွန်းခဲ့ခြင်းမရှိဘူးလို့ ထုတ်ပြန်ကြေညာထားပါတယ်။ “ဥပဒေတွင် အင်္ဂါရပ် ၄ ချက်ရှိသည့် အနက် ပထမ ၃ ရပ်နှင့် လုံးဝ ညိစွန်းခြင်းမရှိကြောင်း ထင်ရှားသည်။  နောက်ဆုံးအင်္ဂါရပ်ဖြစ်သည့်  ‘ထိုအသင်းလည်ပတ်ရေးအတွက် တနည်းနည်းဖြင့် အကူအညီပေးသလား’ ဟူ၍ စဉ်းစားနိုင်သည်။ သို့ရာတွင် သတင်းထောက်များမှာ လုံးဝပင် ကင်းရှင်းသည်။   ငြိစွန်းခြင်းအလျဉ်းမရှိပါ။ ၄င်းကောင်းတို့၏ တာဝန်ကိုသာ ထမ်းဆောင်ကြခြင်း ကြောင့်ဖြစ်သည်။ တအာန်းလွတ်မြောက်ရေးတပ်မတော်က လူထုကိုရှင်းပြသော မူးယစ်ဆေးဝါး တိုက်ဖျက်ရေး သတင်းရရှိအောင် ကြိုးပမ်းခဲ့ကြခြင်းသာဖြစ်သည်။ မည်သည့် မတရားသင်း၏ လည်ပတ်ရေးကိုမျှ  ကူညီခြင်းမဟုတ်ပါ” လို့ ကြေညာချက်မှာဖော်ပြထားပါတယ်။ သတင်းမီဒီယာဥပဒေ ပုဒ်မ (၇) ဖွင့်ဆိုချက်မှာ သတင်းမီဒီယာသမားတစ်ဦးဟာ စစ်မက်ဖြစ်ပွားရေးဒေသ၊ အရေးအခင်း၊ အဓိကရုဏ်း၊ အများပြည်သူ ဆန္ဒပြရာနေရာဒေသတွေ မှာ သက်ဆိုင်ရာတာဝန်ရှိ အဖွဲ့အစည်းက သတ်မှတ်ထားတဲ့ စည်းကမ်းတွေနဲ့အညီ သတင်းရယူ နိုင်တယ်လို့ဖွင့်ဆိုထားပါတယ်။ ဒါပေမယ့် သက်ဆိုင်ရာ တာဝန်ရှိ အဖွဲ့အစည်းဆိုတာ ဘယ်လို အဖွဲ့အစည်းဖြစ်တယ် ဆိုတာပေါ်လွင်ဖို့ အမြန်ပြင်ဆင်သင့်တယ်၊ သို့မဟုတ် နည်းဥပဒေကို အမြန်ရေးဆွဲသင့်တယ်လို့ ဥပဒေပညာရှင်တွေက ပြောဆိုထားပါတယ်။ တရားလွှတ်တော် ရှေ့နေဦးသိန်းသန်းဦးက“ သတင်းမီဒီယာ ဥပဒေက မီဒီယာ သမားတွေ ကို ကာကွယ်ပေးထားတာ။ ဒါနဲ့ ဘယ်စွဲပါ့မလဲ။ ထောင်မကျဘူးလေ။ ခုက မီဒီယာ သမားတွေကို တရားစွဲပြီဆိုရင် ထောင်ပဲ ကျစေချင်တာလေ” လို့ ပြောပါတယ် မတရားအသင်းများအက်ဥပဒေကို ၁၉၀၈ ခုနှစ် ကိုလိုနီခေတ်က ပြဋ္ဌာန်းခဲ့တာ ဖြစ်ပြီး သတင်းမီဒီယာဥပဒေကို ဦးသိန်းစိန်အစိုးရလက်ထက် ၂၀၁၄ ခုနှစ် မတ်လ ထဲမှာ ပြဋ္ဌာန်းခဲ့တာ ဖြစ်ပါတယ်။ ဒီဗွီဘီအကြီးတန်းသတင်းထောက် ဦးအေးနိုင်၊ သတင်းထောက် ကိုပြည့်ဘုန်းအောင်နဲ့  ဧရာဝတီသတင်းထောက်  ဦးသိန်းဇော်တို့ဟာ  တအာင်း အမျိုးသားလွတ်မြောက်ရေးတပ် (TNLA)နယ်မြေမှာ ဇွန် ၂၆ ရက်ကပြုလုပ်တဲ့ အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါး အလွဲသုံးမှုနဲ့ တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ အခမ်းအနားကို သွားရောက်သတင်းယူပြီး အပြန်မှာ ဖမ်းဆီးခံရပြီး မတရားအသင်း ဥပဒေ ပုဒ်မ ၁၇ (၁) အမှုဖွင့်အရေးယူခံထားရတာပါ။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024