အင်းတော်မြို့နယ်တွင် ကျွန်းသစ်လုံး ၈၄ လုံးနှင့်သစ်စက်တလုံး ပိုင်ရှင်မဲ့ဖမ်းမိ
DVB
·
July 5, 2017
စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ အင်းတော်မြို့နယ် အောက်တောကြိုးဝိုင်းအတွင်း ကျွန်းသစ်လုံး ၈၄ လုံးနဲ့ တရားမဝင် လည်ပတ်နေတဲ့ သစ်စက်တလုံးကို ဇူလိုင် ၄ ရက်နေ့က ပိုင်ရှင်မဲ့ ဖမ်းဆီးရမိခဲ့တယ်လို့ အင်းတော်မြို့နယ်သစ်တောဦးစီးအရာရှိ ဦးဇော်လင်းဝင်းက ပြောပါတယ်။
ဇူလိုင် ၄ ရက်နေ့ မွန်းတည့် ၁၂ နာရီအချိန်က အင်းတော်မြို့နယ် အောက်တောကြိုးဝိုင်းအတွင်း တရားမဝင်သစ်တွေ စုပုံထားတယ်ဆိုတဲ့ သတင်းအရ မော်လူးဘိနယ်က သစ်တောဝန်ထမ်းတွေ၊ ပုန်းဟုန်အုပ်စုအုပ်ချုပ်ရေးမှူး ဦးမြင့်သိန်း၊ ထွေအုပ်စာရေး ဦးတင်မောင်အေး၊ ဦးသန်းစိုးငြိမ်းတို့ ပါဝင်တဲ့အဖွဲ့ဟာ အင်းတော်မြို့နယ် အောက်တောကြိုးဝိုင်းထဲက အကွက်အမှတ်-၁၅ ထဲမှာ ကျွန်းသစ်လုံး ၂၃ လုံး (၇ ဒသမ ၄၆၈) တန်၊ ကျွန်းသစ်လုံး ၂၅ လုံး (၁၁ ဒသမ ၄၀၀)တန်၊ ကျွန်းသစ်လုံး ၂၀ လုံး (၄ ဒသမ ၅၆၀)တန်၊ ညနေ ၆ နာရီ ၄၅ မိနစ်အချိန်က အောက်တောကြိုးဝိုင်း အကွက်အမှတ်-၁၄ ထဲမှာ ကျွန်းသစ်လုံး ၂၆ လုံး (၄ ဒသမ ၈၁၂)တန်၊ ဂျင်ဒေါင်း အင်ဂျင် ၂၅ ကောင် ၁ လုံးနဲ့ ဆက်စပ်ပစ္စည်း ၄ မျိုးတို့ကို ပိုင်ရှင်မဲ့ တွေ့ရှိသိမ်းဆည်းရမိခဲ့တယ်လို့ အင်းတော်မြို့နယ် သစ်တောဦးစီးအရာရှိ ဦးဇော်လင်းဝင်းက ပြောပါတယ်။
ပိုင်ရှင်မဲ့ တွေ့ရှိသိမ်းဆည်းရမိခဲ့တဲ့ ကျွန်းသစ်လုံးတွေနဲ့ တရားမဝင်လည်ပတ်နေတဲ့ သစ်စက်ပိုင်ရှင်ကို စုံစမ်းဖော်ထုတ်နေပြီး သစ်တောဥပဒေအရ အရေးယူဆောင်ရွက်နေတယ်လို့ သိရပါတယ်။
သတင်း - ကိုကိုလင်း(အင်းတော်)