ရှမ်းပြည်တပ်မတော်နှင့် အစိုးရတပ် တိုက်ပွဲသစ်များ ထပ်မံဖြစ်ပွား
နန်းမြနဒီ
·
February 23, 2012
မကြာသေးခင်က အစိုးရနဲ့ အပစ်အခတ်ရပ်စဲရေး သဘောတူထားတဲ့ ရှမ်းပြည်တပ်မတော် တောင်ပိုင်းလို့ လူသိများတဲ့ အက်စ်အက်စ်အေ/အာစီအက်စ်အက်စ် ရှမ်းပြည်ပြန်လည်ထူထောင်ရေး ကောင်စီက တပ်တွေနဲ့အစိုးရတပ်တွေအကြား တိုက်ပွဲသစ်တွေ ထပ်မံ ဖြစ်ပွားနေပါတယ်။
[caption id="attachment_21626" align="alignleft" width="300" caption="အက်စ်အက်စ်အေ တပ်ဖွဲ့ဝင်များ (ဓာတ်ပုံ-အံ့ဘုန်းမြတ်)"][/caption]
ရှမ်းပြည်အရှေ့ပိုင်း တာချီလိတ်မြို့နယ် မိုင်းဟိုင်းကျေးရွာအုပ်စုထဲမှာ ဒီနေ့ နေ့လယ်က တိုက်ပွဲတွေ ဆက်ဖြစ်နေတာပါ။ ဒီတိုက်ပွဲတွေမှာ နှစ်ဖက်စစ်သည်တွေ သေကျေဒဏ်ရာရမှုရှိပြီး ရှမ်းပြည်တပ်မတော်ဘက်က တပ်သား ၂ ဦး ကျဆုံးပြီး သေနတ် ၁ လက် ဆုံးရှုံးကာ အစိုးရတပ်ဘက်ကလည်း အနည်းဆုံး ၃ ဦး ကျဆုံးခဲ့တယ်လို့ ရှမ်းပြည်တပ်မတော်က ပြောပါတယ်။
ရှမ်းပြည်တပ်မတော် တပ်ဖွဲ့တွေကို နယ်စပ်ဘက်ဆုတ်သွားဖို့ အစိုးရတပ်က ဖိအားပေးရင်း တိုက်ပွဲတွေ ဖြစ်နေတာလို့ ရှမ်းပြည်တပ်မတော်တောင်ပိုင်းရဲ့ ပြောခွင့်ရပုဂ္ဂိုလ် ဗိုလ်မှူး စိုင်းလောဝ်ဆိုင်က ပြောပါတယ်။
“ကျနော်တို့ကို မိုင်းတော့မိုင်းထား ဒေသဘက်ကို ရွှေ့ခိုင်းပါတယ်။ အဲဒီဟာကို ကျနော်တို့က အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်ထဲမှာ မပါပါဘူး။ ကျနော်တို့ ရောက်ရှိတဲ့ နေရာဒေသမှာ ကျနော်တို့ အခြေချပြီးတော့ အစိုးရတပ်ဖွဲ့တွေနဲ့ ပူးပေါင်းပြီးတော့ လိုအပ်တဲ့ လူမှုရေးလုပ်ငန်းတွေ၊ စီးပွားရေးလုပ်ငန်းတွေ ဖော်ဆောင်သွားမယ်ဆိုပြီးတော့ ပြောထားတာ။ သဘောတူထားတဲ့ လက်မှတ်ထိုးထားတဲ့ အချက်ထဲမှာ ပါတယ်။ အဲဒါတွေကို သူတို့က လိုက်နာဆောင်ရွက်ခြင်း မရှိဘဲနဲ့ ဟိုသွားခိုင်း၊ ဒီသွားခိုင်းတယ်။ မစွန့်ခွာဘူးဆိုရင် ပစ်မယ်ဆိုပြီး ခြိမ်းခြောက်ပြီး ကျနော်တို့ကို ဝင်ပစ်တာပါပဲ။”
အစိုးရဘက်က ရွှေတြိဂံတိုင်း လက်အောက်ခံ ကျိုင်းတုံအခြေစိုက် ခမရ ၅၇၂ တပ်နဲ့ ရှမ်းပြည်တပ်မတော်တောင်ပိုင်း ကျိုင်းတုံ စစ်ဒေသက တပ်ဖွဲ့တွေဟာ မိုင်းဟိုင်း ဒေသတဝိုက်မှာပဲ ဖေဖော်ဝါရီ ၁၈ ရက်နဲ့ ၂၁ ရက်နေ့တွေကလည်း တိုက်ပွဲတွေ ဖြစ်ပွားခဲ့ပါသေးတယ်။
ဒု-ဗိုလ်ချုပ်ကြီးရွက်ဆစ် ဦးဆောင်တဲ့ အက်စ်အက်စ်အေ/အာစီအက်စ်အက်စ် အဖွဲ့ဟာ အစိုးရငြိမ်းချမ်းရေး ကိုယ်စားလှယ်တွေနဲ့ ပြီးခဲ့တဲ့ ဇန်နဝါရီ ၁၆ ရက်နေ့ကမှ ပြည်ထောင်စုအဆင့် ဆွေးနွေးခဲ့ပြီး အပစ်အခတ်ရပ်ရေး ပဏာမ သဘောတူ လက်မှတ် ရေးထိုးထားခဲ့တာပါ။ ဒါပေမယ့် ဖေဖော်ဝါရီ ၆ ရက်နေ့ကစပြီး ခုချိန်ထိ တိုက်ပွဲတွေ ၁၀ ကြိမ်ထက်မနည်း ဖြစ်ပွားခဲ့တယ်လို့ ဗိုလ်မှူး စိုင်းလောဝ်ဆိုင်က ပြောပါတယ်။
ဒီတိုက်ပွဲတွေဟာ အက်စ်အက်စ်အေ ထိန်းချုပ်နယ်မြေထဲမှာ အစိုးရတပ်တွေက လာပြီး စစ်ဆင်နေတဲ့အတွက် ဖြစ်ပွားရတာဖြစ်လို့ အစိုးရမှာ တာဝန်ရှိတဲ့အကြောင်း ငြိမ်းချမ်းရေးကို ဆက်လက် ထိန်းသိမ်းထားဖို့ အစိုးရငြိမ်းချမ်းရေး အကျိုးဆောင် ရထားဝန်ကြီး ဦးအောင်မင်းဆီကို စာရေး အကြောင်းကြားထားတယ်လို့ရှမ်းပြည်တပ်မတော်က ပြောပါတယ်။