Home
မြန်မာသတင်း
အခွန်ငွေတိုးရရန် ပညာပေးလုပ်ငန်းများပိုလုပ်သင့်ဟု လွှတ်တော်ကော်မတီအကြံပြု
နေဖြိုးဝင်း
·
July 5, 2017
  အခွန်ရငွေတွေ တိုးတက်လာပေမယ့် GDP နဲ့ အခွန်ရငွေအချိုးနိမ့်ကျဆဲဖြစ်လို့ အခွန်ငွေတိုးရဖို့ ပညာပေးလုပ်ငန်းတွေ ပိုမိုလုပ်သင့်လို့ ပြည်ထောင်စုလွှတ်တော်ပြည်သူ့ငွေစာရင်း ပူးပေါင်း ကော်မတီက အကြံပြုထားပါတယ်။ ပြည်ထောင်စုအစိုးရကပေးပို့တဲ့ ၂၀၁၆-၁၇ ဘဏ္ဍာနှစ် ဒုတိယခြောက်လပတ် အခွန်ကောက်ခံ ရရှိမှုနဲ့ပတ်သက်ပြီး ပြည်ထောင်စုလွှတ်တော်ပြည်သူ့ငွေစာရင်း ပူးပေါင်းကော်မတီက အကြံတာ ထားတာဖြစ်ပြီး အခွန်ရငွေတိုးတက်ဖို့ဆောင်ရွက်တာမှာ တည်ဆဲအခွန်မူဝါဒတွေနဲ့အညီဖြစ်ဖို့နဲ့ အခွန် ပညာပေးလုပ်ငန်းတွေ အခုထက်ပိုလုပ်ဖို့လည်း မှတ်ချက်ပြုထားပါတယ်။ ပြည်သူ့ငွေစာရင်းပူးပေါင်းကော်မတီ ဥက္ကဋ္ဌ ဦးအောင်မင်း က “ပြည်ထောင်စုရဲ့ အခွန်ကောက် ရငွေတိုးတက်လာတာမှန်ပေမယ့် အခွန်ရငွေနဲ့ ဂျီဒီပီအချိုးနိမ့်ကျဆဲပဲ ဖြစ်ပါတယ်။ အခွန်ရငွေဟာ တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ရေးအတွက် အဓိကမောင်းနှင်အားတစ်ရပ်ဖြစ်လို့ အခွန်ငွေတိုးရဖို့ ဥပဒေနဲ့အညီ ထိထိရောက်ရောက်ကောက်ခံနိုင်ရေး ကြိုးပမ်းဆောင်ရွက်သွားဖို့ လိုအပ်တယ်လို့ မှတ်ချက်ပြုပါတယ်” လို့ ပြောပါတယ်။ ၂၀၁၆-၁၇ ဘဏ္ဍာနှစ် အခွန်ရငွေမှာ ကျပ် ၇၁၂၂ ဘီလီယံထိ တိုးတက်ရရှိခဲ့ပြီး ပြုပြင်ပြီး ခန့်မှန်းခြေဟာ ၆၅၁၂ ဘီလီယံဖြစ်တဲ့အတွက် ကျပ် ၆၀၀ ဘီလီယံကျော် ပိုမိုရရှိခဲ့ပေမယ့် အခွန်နဲ့ ဂျီဒီပီအချိုးမှာ ၈ ဒသမ ၅ ရာခိုင်နှုန်း ဖြစ်တဲ့အတွက် အနည်းငယ်ကျဆင်းနေတယ်လို့ ဆိုပါတယ်။ လက်ရှိ ပြည်သူတွေရဲ့ တဦးချင်းဝင်ငွေ နည်းပါးနေလို့ အခွန်တွေလျော့ချရင်လည်း နိုင်ငံရဲ့ ဖွံ့ဖြိုးရေးလုပ်ငန်းတွေလုပ်တာမှာ အခက်အခဲ ရှိနိုင်တယ်လို့ ဆိုပါ တယ်။ “အခွန်တိုးတက်ရမယ်ဆိုလို့ရှိရင် ဗဟိုဘဏ်ကချေးရတဲ့ငွေလျော့မယ်။ ဗဟိုဘဏ်ကချေးရတဲ့ငွေ လျော့သွားမယ်ဆိုရင် ငွေစက္ကူရိုက်ထုတ်ဖို့လည်း မလိုတော့ဘူး။ အဲဒါဆို ပြည်တွင်းမှာ လှည့်ပတ်တဲ့ငွေ မများတဲ့အတွက် ငွေကြေးဖောင်းပွမှုကိုလည်း ထိန်းချုပ်နိုင်မှာဖြစ်ပါတယ်”လို့ ဦးအောင်မင်းက ပြောပါတယ်။ အခွန်ပညာပေးလုပ်ငန်းတွေလုပ်တာမှာ နိုင်ငံပိုင် သတင်းစာတွေရဲ့ အထူးထုတ်အချပ်ပိုတွေမှာ ထည့်သွင်းပညာပေးနိုင်သလို အခွန်ဆိုင်ရာ သက်သာခွင့်၊ ကင်းလွတ်ခွင့်တွေကို ပြည်သူတွေကို အသိပေးခြင်း၊ အခွန်ဆိုင်ရာတာဝန် ကျေပွန်တဲ့ အခွန် ၀န်ထမ်းတွေ၊ အခွန်ထမ်းပြည်သူတွေကို အသိအမှတ်ပြုခြင်း၊ ထိုက်သင့်တဲ့ချီးမြှင့်တာတွေ လုပ်ဖို့လည်း ပြည်သူ့ ငွေစာရင်း ပူးပေါင်းကော်မတီက မှတ်ချက်ပြုထားပါတယ်။ ၂၀၁၆ ခုနှစ် အခွန်အကောက်ဥပဒေပါ အခွန် ၂၁ မျိုးအနက် ၁၄ မျိုးကို လျာထားချက်ကျော်အောင် ကောက်ခံ နိုင်ခဲ့ပြီး ၇ မျိုးမှာ လျာထားချက်မပြည့်မီခဲ့ဘူးလို့ သိရပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024