မူးယစ်ဆေးဝါးနှင့် အကြမ်းဖက်မှုနှိမ်နင်းရေး မြန်မာနှင့်ဘင်္ဂလားဒေ့ရှ် ဆွေးနွေး
DVB
·
July 5, 2017
မြန်မာနိုင်ငံရဲ့ အမျိုးသားလုံခြုံရေးဆိုင်ရာအကြံပေးပုဂ္ဂိုလ် ဦးသောင်းထွန်းဟာ ဘင်္ဂလားဒေ့ရှ် ဝန်ကြီးချုပ် ရှိတ်ဟာဆီးနာ အပါအဝင် အစိုးရထိပ်တန်းဝန်ကြီးတွေနဲ့ တွေ့ဆုံကာ နှစ်နိုင်ငံ အကြမ်းဖက်မှု နှိမ်နှင်းရေးနဲ့၊ မူးယစ်ဆေးဝါးတိုက်ဖျက်ရေး ကိစ္စတွေ ပူးပေါင်းဆောင်ရွက်ဖို့ ဆွေးနွေးခဲ့ကြပါတယ်။
အမျိုးသားလုံခြုံရေးဆိုင်ရာအကြံပေးပုဂ္ဂိုလ် ဦးသောင်းထွန်းဟာ ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဒါကာမြို့ကို ဇူလိုင် ၂ရက်မှ ၄ ရက်ထိ တရားဝင် သွားရောက်ပြီး ဘင်္ဂလားဒေ့ရှ်ဝန်ကြီးချုပ် ရှိတ်ဟာဆီးနား၊ နိုင်ငံခြားရေးဝန်ကြီး အဗဒူဟာဆန်မာမွတ်အလီ၊ ပြည်ထဲရေးဝန်ကြီး အဆာဒူဇာမန်ခန်းတို့ အပါအဝင် ဝန်ကြီးချုပ်ရဲ့ ကာကွယ်ရေးနှင့် လုံခြုံရေးဆိုင်ရာ အကြံပေး ပုဂ္ဂိုလ်တွေနဲ့ သီးခြားတွေ့ဆုံဆွေးနွေးခဲ့တာလို့ နိုင်ငံတော်အတိုင်ပင်ခံရုံးက သတင်းထုတ်ပါတယ်။
တွေ့ဆုံရာမှာ မြန်မာဘက်က အကြမ်းဖက်မှု တိုက်ဖျက်ရေးနဲ့ စပ်လျဉ်းပြီး Zero tolerance မူကို ကျင့်သုံးပါကြောင်း၊ မိမိတို့ နယ်မြေကို အသုံးပြုပြီး၊ အခြားနိုင်ငံတနိုင်ငံကို ဆန့်ကျင်တဲ့ မည်သည့်အဖွဲ့၊ မည်သည့်ပုဂ္ဂိုလ်ကိုမျှ မိမိတို့မြေပေါ်တွင် လက်မခံသည့်မူကို ကျင့်သုံးပါကြောင်း၊ မည်သည့် ခွဲထွက်ရေးကိုမျှ လက်မခံပါကြောင်းနဲ့ နှစ်နိုင်ငံ နယ်ခြားစောင့်တပ်ဖွဲ့တွေအကြား ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ဆောင်ရွက်သွားရေး၊ Border Liaison ရုံးဖွင့်ရေးနဲ့ လုံခြုံရေးပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ နားလည်မှုစာချွန်လွှာတွေလက်မှတ် ရေးထိုးဖို့ ကိစ္စတွေ ဆွေးနွေးခဲ့တယ်လို့ဆိုပါတယ်။
ဘင်္ဂလားဒေ့ရှ်ဘက်ကတော့ နှစ်နိုင်ငံအကြား လျှပ်စစ်နဲ့ စွမ်းအင်ကဏ္ဍ ပူးပေါင်းဆောင်ရွက်ရေး၊ မူးယစ်ဆေးဝါးတိုက်ဖျက်ရေးပူးပေါင်းဆောင်ရွက်ဖို့ ကိစ္စတွေအပြင် ဘင်္လားဒေ့ရှ်နိုင်ငံဘက်သို့ မြန်မာဘက်မှ ထွက်ပြေးလာသူတွေကို ပြန်လည်လက်ခံရေးအတွက် မေတ္တာရပ်ခံခဲ့တယ်လို့သိရပါတယ်။
မြန်မာနိုင်ငံအမျိုးသားလုံခြုံရေးဆိုင်ရာ အကြံပေးပုဂ္ဂိုလ်ကတော့ မြန်မာနိုင်ငံမှာ National Verification လုပ်ငန်းစဉ်အစီအစဉ်ကို ဆောင်ရွက်နေကြောင်း၊ အဆိုပါ လုပ်ငန်းစဉ် ဦးစွာ အောင်မြင်စွာဆောင်ရွက်ဖို့ အရေးကြီးကြောင်းကို ပြန်လည်ရှင်းလင်း ပြောကြားခဲ့တယ်လို့ ဆိုပါတယ်။
ဘင်္ဂလားဒေ့ရှ်နိုင်ငံအနေနဲ့ နယ်စပ်ဒေသတည်ငြိမ်လုံခြုံရေးအတွက် ဆက်လက် ကူညီပေးသွားမယ့်အကြောင်းနဲ့ မြန်မာပြည်ဘက်က ထွက်ပြေးလာတဲ့ ဒုက္ခသည်တွေကို ရခိုင်ပြည်နယ်ဘက်ကို ပြန်ပို့ဖို့ကိစ္စကို နှစ်နိုင်ငံ စတင်ဆွေးနွေးဖို့ အရေးကြီးတဲ့အကြောင်း ပြောကြားခဲ့တယ်လို့ ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေးဌာနကလည်း သတင်းထုတ်ပြန်ထားပါတယ်။
ဓာတ်ပုံ - State Counsellor Office Information Committee