A d v e r t i s e m e n t With Us

ခြေထောက်ကိုက်ခဲဝေဒနာ ခံစားရသူများအတွက် အာကာသဘောင်းဘီ (ရုပ်သံ)

အာကာသယာဉ်မှူးတွေဝတ်ဖို့ အထူးချုပ်ဘောင်းဘီဟာ ခြေထောက်ကိုက်ခဲဝေဒနာ ခံစားရသူတွေကို ကူညီပေးနိုင်တယ်လို့ အင်ဒီယာနာ သုတေသီတွေက ဆိုပါတယ်။ ဒီအာကာသဝတ်စုံအောက်မှာမှ အပူချိန်ထိန်းပြီး ခန္ဓာကိုယ်အေးမြစေအောင် ယာဉ်မှူးတွေက ရေအေးတွေ လှည့်စီးနေတဲ့ ပြွန်တွေပါတဲ့ ဝတ်စုံတထပ် ခံဝတ်ပါတယ်။ ပါဂျူးတက္ကသိုလ် သုတေသနအဖွဲ့ဟာ ရေအေးအစား ရေနွေးသုံးရင် ဒီအာကာသဘောင်းဘီဟာ သွေးလွှတ်ကြောမွှာရောဂါသည်တွေကို ကူညီနိုင်တာ တွေ့ရှိခဲ့ပါတယ်။ ဒီရောဂါဟာ ခြေထောက်တွေကိုက်ခဲပြီး လမ်းလျှောက်ရင်း ကြွက်တက်စေပါတယ်။ လူနာတွေကို မိနစ် ၉၀ ကြာ ဒီဘောင်းဘီဝတ်ခိုင်းကြည့်တဲ့အခါ ထူးခြားတဲ့ ရလဒ်တွေ ရှိတာကို တွေ့ခဲ့ရပါတယ်။ "ကုထုံးပေးပြီး ၁ နာရီကျော်တဲ့ထိ သွေးဖိအား လျော့ကျတာကို ကျေန်ာတို့ တွေ့ရှိခဲ့ပါတယ်။ ရောဂါဖြစ်နေတဲ့ ခြေထောက်တွင်း သွေးစီးဆင်းမှုက သိသိသာသာ ပြောင်းလဲသွားတယ်။ ဒါက ကျနော်တို့ကုထုံးရဲ့ မူလရည်မှန်းချက်တွေထဲက တခုပါ။ ထိခိုက်သွားတဲ့ ခြေထောက်တွေမှာ သွေးစီးဆင်းမှုကို ထိန်းချုပ်ဖို့ပါ။" စဦးတွေ့ရှိချက်တွေကို အခြေခံပြီး ဒီအာကာသဘောင်းဘီဟာ ရေရှည်သက်သာအောင် ကုပေးနိုင်လား သိစေမယ့် ဒီစမ်းသပ်မှုကို ရို့စ်ဂွီနီက ဦးဆောင်နေတာပါ။ "ဒီတော့ ကျနော်တို့စိတ်ကူးက အပူကုထုံးကို ထပ်တလဲလဲပေးလိုက်ရင် လေ့ကျင့်ခန်းလုပ်သလို လှုပ်ရှားမှုအတွင်း ဒီသွေးကြောတွေ ပိုပြီး ကျယ်လာနိုင်မလား သိဖို့ပါ။ ဆိုလိုတာက သွေးစီးဆင်းမှု ပိုကောင်းလာသလို လှုပ်ရှားကြွက်သားတွေဆီကို အောက်ဆီဂျင်တွေ ပိုရောက်မှာဖြစ်ပါတယ်။ ဒီကုထုံးက လမ်းလျှောက်နေတုန်း ကိုက်ခဲမလာအောင် အချိန်ကို ဆွဲဆန့်နိုင်ဖို့၊ ဘဝအရည်အသွေးကို ပိုမြှင့်ပေးနိုင်ဖို့ ကျနော်တို့ မျှော်လင့်တာပါ။ လူနာတွေအဖို့ တောင့်တင်းနေတဲ့ ကြွက်သားတွေမှာ နာကျင်မှု မခံစားရဘဲ နေ့စဉ်အလုပ်တွေကို ပိုလုပ်လာနိုင်မှာပါ။" ရည်မှန်းချက်ကတော့ နောက်ဆုံးတနေ့ ဒီအာကာသဘောင်းဘီမှာ ဘက်ထရီအားနဲ့လည်ပတ်မယ့် ပန့်တခုတပ်ဆင်ပြီး လူနာတွေအဖို့ အိမ်မှာတင် ဝတ်ဆင်နိုင်မှာမို့ ဘဝအရည်အသွေးကို မြှင့်တင်ပေးနိုင်ဖို့ မျှော်လင့်ထားပါတယ်။

A d v e r t i s e m e n t With Us

More News
Up