Home
မြန်မာသတင်း
ကုလအချက်အလက်ရှာအဖွဲ့အား ပြည်ဝင်ခွင့်မပေးသဖြင့် မြန်မာကို မလေးရှားက အရေးယူမည်
DVB
·
July 4, 2017
ကုလသမဂ္ဂရဲ့ အချက်အလက်ရှာဖွေရေး မစ်ရှင်အဖွဲ့ကို ပြည်ဝင်ခွင့် ငြင်းပယ်ထားတဲ့အတွက် မြန်မာနိုင်ငံအပေါ် မလေးရှားနိုင်ငံက  အရေးယူဆောင်ရွက်မှုတွေ လုပ်ဆောင်ဖို့ စဉ်စားနေတယ်လို့  မလေးရှား The Star  အွန်လိုင်းသတင်းမှာ ဖော်ပြပါတယ်။ မလေးရှားအစိုးရအနေနဲ့ မြန်မာနိုင်ငံကို လူသားချင်းစာနာမှုအရ ဒါမှမဟုတ် သံတမန်ရေးအရ အရေးယူမလား ဆိုတာကို နိုင်ငံခြားရေးဌာနဆီကနေ အကြံရယူမယ်လို့ မလေးရှား ဒုဝန်ကြီးချုပ်  ဒေါက်တာ အာမက်ဇာဟစ်ဟာမီဒီက သတင်းစာရှင်းလင်းပွဲမှာ  ပြောပါတယ်။ “ကျနော် နိုင်ငံခြားရေးဝန်ကြီး ဒါတိုဆရီ အနီဖာအမန်နဲ့ ဆွေးနွေးမှာ ဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာ ဆက်ဖြစ်ပျက်နေတဲ့ နောက်ဆုံးအခြေအနေ အစီရင်ခံချက်ကို ကျနော်တို့ ကြည့်မှာပါ”လို့ မလေးရှားဒုဝန်ကြီးချုပ်က ပြောပါတယ်။ နိုင်ငံတော် အတိုင်ပင်ခံရုံးဝန်ကြီးဌာန ညွန်ကြားရေးမှူးချုပ် ဦးဇော်ဌေးကတော့ အာဆီယံ လုပ်ထုံးလုပ်နည်းအရ နိုင်ငံအားလုံးရဲ့ သဘောတူညီချက်နဲ့ပဲ ဆောင်ရွက်ရတာကြောင့် နိုင်ငံတစ်ခုတည်း သဘောထားနဲ့ ဆောင်ရွက်လို့ မရဘူးလို့  ဒီဗွီဘီကို ပြောပါတယ်။ “ဒါက ဘယ်အနေနဲ့ပြောတာလဲဆိုတာ ကြည့်ရပါဦးမယ်။ ပါတီအနေနဲ့ ရွေးကောက်ပွဲ အောင်နိုင်ရေးအတွက် ပြောခဲ့တာဆိုရင်လည်း တမျိုးပေါ့။ တချိန်တည်းမှာပဲ အာဆီယံ ပေါင်းစည်းရေးအရ တနိုင်ငံအရေးကိစ္စကို ပံ့ပိုးကူညီဖို့ အာဆီယံနိုင်ငံတွေမှာ တာဝန်ရှိတယ် ဆိုတာကို လက်ခံတယ်။ သို့သော် အပြုသဘောဆောင်တဲ့၊ ပြဿနာဖြေရှင်းတဲ့ ပူးပေါင်း ဆောင်ရွက်မှုတွေ ဖြစ်ဖို့လိုတယ်ဆိုတာ ကျနော် ပြောချင်တယ်။” ရခိုင်ပြည်နယ်တွင်း  လုံခြုံရေးတပ်ဖွဲ့တွေရဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေကို စုံစမ်းစစ်ဆေးဖို့ အိန္ဒိယ လူ့အခွင့်ရေးရှေ့နေ အင်ဒီရာ ဂျာအစ်ဆင်း ဦးဆောင်တဲ့  ၃ ဦးပါ အချက်အလက် ရှာဖွေရေး မစ်ရှင်အဖွဲ့ကို ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီက မေလကုန်မှာ ခန့်အပ် တာဝန်ပေးထားတာပါ။ ဒီအဖွဲ့ကို လက်မခံတဲ့အကြောင်း မြန်မာအစိုးရက ကြေညာထားသလို ကုလသမဂ္ဂရဲ့ အချက်အလက်ရှာစုံစမ်းရေးမစ်ရှင်အဖွဲ့ဟာ ရခိုင်ပြည်နယ်ရဲ့ အခြေအနေကို ပိုကောင်းအောင် အထောက်အကူ မဖြစ်စေတဲ့အပြင် မတူကွဲပြားတဲ့ အသိုင်းအဝန်းတွေအကြား ရန်လို မုန်းတီးမှုတွေ ပိုဖြစ်လာစေဖို့ ဖန်တီးရာရောက်တယ်လို့ ဒေါ်အောင်ဆန်းစုကြည်ကလည်း ပြောကြားထားပါတယ်။ ဓာတ်ပုံ- zahidhamidi facebook
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024