ကော့သောင်းတွင် သိန်း ၁၀၀ ကျော်တန်ဖိုးရှိ WY စိတ်ကြွဆေးပြားများ ဖမ်းဆီးရမိ
DVB
·
July 4, 2017
ကော့သောင်းမြို့ မူးယစ်အထူးအဖွဲ့က ဇူလိုင်လ ၃ ရက်နေ့ မနက်ပိုင်းက တန်ဖိုးကျပ်သိန်း ၁၀၀ ကျော်တန်ဖိုးရှိ WY စိတ်ကြွဆေးပြားတွေကို ဖမ်းဆီးရမိခဲ့တယ်လို့ ကော့သောင်း မူးယစ်တပ်ဖွဲ့စုရုံးက ပြောပါတယ်။
မူးယစ်ဆေးဝါးသတင်းအရ ကော့သောင်းမြို့၊ အေးရိပ်ငြိမ်ရပ်ကွက်၊ တော်ဝင်လမ်း ဦးမင်းနိုင် တိုက်တန်းလျား အခန်းအမှတ် (၅) နေသူ အသက် ၂၂ အရွယ် ကောင်းဆက်ပိုင်(ခ) ဝိုင်းငယ်ရဲ့ နေအိမ်ကို ဝင်ရောက်စစ်ဆေးရှာဖွေခဲ့ရာ WY ဆေးပြား ၅၃ ပြား၊ ဆေးရှူကိရိယာ ၁ ခုနဲ့ ဆက်စပ်ပစ္စည်းတွေကို ဖမ်းဆီးရမိခဲ့ပြီး စစ်ဆေးခဲ့ရာ ဆေးပြားတွေကို ကော့သောင်းမြို့၊ အေးမြကန်သာရပ်ကွက် မနော်ဟရီ ၄ လမ်းနေ ကွမ်းယားရောင်းသူ အသက် ၃၀ နှစ်အရွယ် အေးကို(ခ) ဗလကြီး (ခ)အာနိုးဆီကတဆင့် ဝယ်ယူရရှိခဲ့တယ်လို့ သိရပါတယ်။ အေးကို (ခ) ဗလကြီး(ခ)အာနိုးဟာ ရဲတပ်ဖွဲ့မှ မူးယစ်ဆေးဝါးသတင်းအရ အရင်က ၃ ကြိမ်ခန့် ဝင်ရောက်စစ်ဆေးခဲ့ပေမယ့် မူးယစ်ဆေးဝါး ဖမ်းဆီးရမိတာမရှိဘဲ မြို့ခံလူထုက အင်ဖော်မာ အဖြစ် သတင်းကြီးနေသူ ဖြစ်ပါတယ်။
အေးကိုရဲ့ နေအိမ်ကို ဝင်ရောင်စစ်ဆေး ရှာဖွေခဲ့ရာ နေအိမ်တွင်းက WY ဆေးပြား ၂၅၇၈ ပြား၊ ကာလတန်ဖိုး ကျပ်သိန်း ၁၁၆၀၁,၀၀၀ိ လောက်နဲ့ မူးယစ်ဆေးဝါးရောင်းချရငွေ ကျပ် ၂၉၅,၀၀၀ိ ခန့် ထပ်မံဖမ်းဆီးရမိခဲ့ပါတယ်။ ဆက်လက်စစ်ဆေးခဲ့ရာ ဆေးပြားတွေကို ကော့သောင်းမြို့၊ အေးရိပ်ငြိမ်ရပ်ကွက်၊ ဓူဝံလမ်း၊ အမှတ်(၅၉) နေသူ ပဲ့ချိတ်မောင်းတဲ့ ကြည်စိုး (ခ) ကိုစိုး (၅၂-နှစ်) ဆီကတဆင့် ဝယ်ယူခဲ့တယ်လို့ သိရပါတယ်။
ကြည်စိုးကို ဆက်လက်ဖမ်းဆီးခဲ့ရာ ၄င်းနေအိမ်က မူးယစ်ဆေးဝါး တစုံတရာ သိမ်းဆည်းရမိခဲ့တာ မရှိဘူးလို့ ကော့သောင်းမူးယစ်တပ်ဖွဲ့စုရုံးက တာဝန်ရှိသူက ပြောပါတယ်။
အမှုနဲ့ပတ်သက်ပြီး မူးယစ်ဆေးဝါး လက်ဝယ်တွေ့ရှိဖမ်းဆီးရမိပြီး တဆင့်ရောင်းချပေးသူ ကောင်းဆက်ပိုင်(ခ)ဝိုင်းငယ်နဲ့ အေးကိုတို့ကို မယ(ပ)၃၉/၂၀၁၇ မယပုဒ်မ ၁၅/၁၉(က)/၂၁၊ အေးကိုနဲ့ ကြည်စိုးတို့ကို မယ(ပ)၄၀/၂၀၁၇ မယပုဒ်မ ၁၅/၁၉(က)/၂၀(က)/၂၁ အရ ကော့သောင်းမြို့မရဲစခန်းမှာ အမှုဖွင့် အရေးယူထားတယ်လို့ ကော့သောင်းမြို့မရဲတပ်ဖွဲ့စခန်းက ဒုစခန်းမှူးရဲအုပ်အေးကြိုင်က ဒီဗွီဘီကို ပြောပါတယ်။
သတင်း - လတ်ကိုကိုဦး