Home
မြန်မာသတင်း
မြန်မာအလုပ်သမားများကိုကာကွယ်ပေးရန် ထိုင်းလူ့အခွင့်အရေးကော်မရှင်ထံ မြန်မာပန်ကြား
DVB
·
July 4, 2017
  ထိုင်းနိုင်ငံရှိ မြန်မာအလုပ်သမားတွေရဲ့ လူ့အခွင့်အရေးကို ကာကွယ်ပေးဖို့ မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေးကော်မရှင်က ထိုင်းနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မရှင်ထံ ပန်ကြားစာပေးပို့ တောင်းဆိုလိုက်ပါတယ်။ ထိုင်းနိုင်ငံမှာ ဇွန် ၂၀ ရက်နေ့က ပြဌာန်းခဲ့တဲ့ အလုပ်သမား ဥပဒေသစ်ကို အကောင်အထည် ဖော်ရာမှာ မြန်မာရွှေ့ပြောင်းအလုပ်သမားတွေ ထိခိုက်နစ်နာမှုတွေ ဖြစ်ပေါ်နေတာကြောင့် မြန်မာအလုပ်သမားတွေရဲ့ လူ့အခွင့်အရေး အကာအကွယ်ပေးဖို့အတွက်  လိုအပ်သလို ကူညီ ဆောင်ရွက်ပေးပါဖို့  ဇွန်လ ၃၀ ရက်နေ့က မေတ္တာရပ်ခံစာတစောင် ပေးပို့ တောင်းဆိုထားတာပါ။ “ထိုင်းနိုင်ငံ၌ အလုပ်ရှင်၊ အလုပ်သမားဥပဒေသစ်ကို ပြဋ္ဌာန်းခဲ့ပြီး ယင်းဥပဒေ အကောင်အထည်ဖော်ရာတွင် ထိုင်းရဲတပ်ဖွဲ့ဝင်များက မြန်မာနိုင်ငံမှ ရွှေ့ပြောင်းအလုပ်သမားများ အား ဖမ်းဆီးမှုများ လုပ်ဆောင်နေသည်ဟု ကြားသိရကြောင်း၊ ထိုင်းနိုင်ငံ၏ အသစ်ပြဋ္ဌာန်းသော ဥပဒေနှင့်စပ်လျဉ်း၍ တစုံတရာ မှတ်ချက်မပြုလိုသော်လည်း ဥပဒေသစ်ကို အကောင်အထည်ဖော် ဆောင်ရွက်ရာတွင် မြန်မာနိုင်ငံမှ ထိုင်းနိုင်ငံသို့ လာရောက်လုပ်ကိုင်လျက်ရှိသည့် ရွှေ့ပြောင်း အလုပ်သမားများနှင့် ၎င်းတို့မိသားစုများ၏ လူ့အခွင့်အရေးကို အကာအကွယ်ပေးရေးအတွက် ထိုင်းနိုင်ငံအမျိုးသားလူ့အခွင့်အရေး ကော်မရှင်က လိုအပ်သကဲ့သို့ ကူညီဆောင်ရွက်ပေးပါရန် မေတ္တာရပ်ခံပါကြောင်း”  မြန်မာ လူ့အခွင့်အရေး ကော်မရှင်ရဲ့ ပန်ကြားစာမှာ ဖော်ပြထားပါတယ်။ ထိုင်းနိုင်ငံမှာ တရားမ၀င်အလုပ်သမာတွေကို ဖမ်းဆီးအရေးယူနေတာကြောင့် သောင်းနဲ့ ချီတဲ့ မြန်မာအလုပ်သမားတွေဟာ နှစ်နိုင်ငံ နယ်စပ်ဂိတ်တွေကနေ  အလုံးအရင်းနဲ့ နေရပ် ပြန်လာနေကြတာဖြစ်ပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024