A d v e r t i s e m e n t With Us

မိသားစုပိုင်အိမ်ကိစ္စ လွှတ်တော်အထူးကြားနာပွဲတွင် စင်ကာပူဝန်ကြီးချုပ် ချေပရှင်းလင်း

ဓာတ်ပုံ - အေအက်ဖ်ပီ
စင်ကာပူဝန်ကြီးချုပ် လီရှန်လွန်းက မိသားစုပိုင် အိမ်ကိစ္စနဲ့ပတ်သက်ပြီး ဒီနေ့ လွှတ်တော် အထူးကြားနာပွဲမှာ ချေပ ရှင်းလင်းခဲ့ပါတယ်။ ဝန်ကြီးချုပ် လီရှန်လွန်းက သူ့ညီနဲ့ ညီမတို့ရဲ့ စွဲချက်ကြောင့် အသရေဖျက်မှုနဲ့ တရားစွဲရတာမျိုးကို ရှောင်ချင်တယ်လို့ ပြောလိုက်တာပါ။ ကွယ်လွန်သူ ဖခင်၊ စင်ကာပူ လွတ်လပ်ရေးခေါင်းဆောင်နဲ့ ဝန်ကြီးချုပ်ဟောင်း လီကွမ်ယုရဲ့အိမ်ကို ဘယ်လိုဆက်လုပ်မယ်ဆိုတာ အငြင်းပွားမှုအတွင်း ဝန်ကြီးချုပ်သြဇာကို အလွဲသုံးစားလုပ်တယ်လို့ လီရှန်လွန်းကို သူ့ညီနဲ့ ညီမတို့က စွပ်စွဲခဲ့တာပါ။ ဒီအမှုဟာ ဇွန်လလယ်ကတည်းက ခုထိ စင်ကာပူမှာ ဂယက်ထနေတဲ့အမှု ဖြစ်ပါတယ်။ ဝန်ကြီးချုပ်ရဲ့ ညီအစ်ကိုမောင်နှမတွေက သူတို့အစ်ကိုကြီးကို လူမှုကွန်ရက်ပေါ်ကနေ တရစပ် တိုက်ခိုက်ခဲ့ကြပါတယ်။ ပုံမှန်အခြေအနေမှာဆိုရင် ချက်ချင်း တရားစွဲခဲ့မှာပဲလို့ ဝန်ကြီးချုပ်က လွှတ်တော်အတွင်း ကြေညာချက်ထုတ်ပြန် ပြောဆိုပါတယ်။ ဖခင် လီကွမ်ယုဟာ ရာစုနှစ်ချီနေတဲ့ အိမ်ကို ဖျက်ပစ်မယ့်အစား ပြုပြင်မွမ်းမံပြီး နိုင်ငံတော်ပြတိုက်အဖြစ် ထားဖို့ ၂၀၁၁ မှာ အတည်ပြုခဲ့တယ်လို့ ဝန်ကြီးချုပ်က လွှတ်တော်အတွင်း ထွက်ဆိုပါတယ်။ ဒီအိမ်ရဲ့အနာဂတ်နဲ့ ပတ်သက်ပြီး ဝန်ကြီးအဆင့် ကော်မတီ ဖွဲ့စည်းဆောင်ရွက်ရာမှာ ဝန်ကြီးချုပ်သြဇာကို သုံးတယ်လို့ ဝန်ကြီးချုပ်ရဲ့ညီ လီရှင်ယန်နဲ့ ညီမ ဒေါက်တာလီဝေလင်တို့က စွပ်စွဲခဲ့တာပါ။ ဝန်ကြီးချုပ်ကတော့  ဒီအရေးမှာ တိုက်ရိုက်ပတ်သက်သူက တရားစီရင်ဆုံးဖြတ်ဖို့ မသင့်တော်ဘူးလို့ ကိုယ့်ကိုယ်ကိုယ် ခံယူလို့ ကော်မတီဖွဲ့ပေးတာလို့ ရှင်းပြပါတယ်။ ဒါဟာ အကျိုးစီးပွားချင်း ပဋိပက္ခဖြစ်နေတဲ့ကိစ္စကို ဖြေရှင်းဖို့ သင့်တော်မှန်ကန်တဲ့ နည်းလမ်းပဲလို့လည်း သူက ပြောပါတယ်။ မိသားစု ကိုယ်ရေးကိုယ်တာကိစ္စကို လူသိရှင်ကြား သတင်းလွှင့်လို့ အင်မတန် စိတ်ပျက်မိတယ်လို့လည်း လီရှန်လွန်းက ပြောပါတယ်။ ဝန်ကြီးချုပ်က အာဏာအလွဲသုံးစားလုပ်တယ်ဆိုတဲ့ စွဲချက်ကြောင့် ဝန်ကြီးချုပ်ရဲ့ အစိုးရဟာ ယုံကြည်စိတ်ချရမှု မရှိဘူး ဆိုတဲ့အဆင့်ထိ ဂယက်ရိုက်ခဲ့တာပါ။ ဒါကြောင့် ရှားပါးတဲ့ အကွက်ရွှေ့မှုအဖြစ် ဝန်ကြီးချုပ်ကလည်း ပါတီတွင်း ဖြေရှင်းမှု မလုပ်ဘဲ လွှတ်တော်အတွင်း မေးခွန်းထုတ်ဖို့ ခွင့်ပြုခဲ့ပါတယ်။ လွှတ်တော်အမတ် အယောက် ၃၀ ကျော်က ဇူလိုင် ၃ ရက်နဲ့ ၄ ရက် လွှတ်တော်ကြားနာပွဲမှာ မေးခွန်းတွေမေးဖို့ အရင်သီတင်းပတ်ကုန်ရက်တည်းက မေးခွန်းတွေ တင်သွင်းခဲ့ကြပါတယ်။

A d v e r t i s e m e n t With Us

More News
Up