Home
မြန်မာသတင်း
နိုင်ငံဝန်ထမ်းခေါ်ယူရာတွင် အသက်ကန့်သတ်မှု ပြင်ဆင်ပေးရန် အစီအစဉ်မရှိသေး
အောင်ကိုကိုလတ် (နေပြည်တော်)
·
July 3, 2017
  နိုင်ငံဝန်ထမ်းတွေ ခေါ်ယူရာမှာ အသက် ၂၅ နှစ်ထက် မကျော်လွန်ရဆိုတဲ့ ကန့်သတ်ချက်ကို ပြောင်းလဲ ပြင်ဆင်သတ်မှတ်ပေးဖို့ အစီအစဉ်မရှိသေးကြောင်း   ပြည်ထောင်စုရာထူးဝန်အဖွဲ့ ဥက္ကဋ္ဌက ပြောကြားလိုက်ပါတယ်။ ဇူလိုင် ၃ ရက်နေ့မှာ ကျင်းပပြုလုပ်ခဲ့တဲ့ အမျိုးသားလွှတ်တော်မှာ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးကိုကိုနိုင်က နိုင်ငံဝန်ထမ်းတွေ ခေါ်ယူရာမှာ အသက် ၂၅ နှစ်ထက် မကျော်လွန်ရဆိုတဲ့ ကန့်သတ်ချက်ကို ပြောင်းလဲ ပြင်ဆင်သတ်မှတ်ပေးဖို့ အစီအစဉ် ရှိမရှိ မေးမြန်းခဲ့တာပါ။ “နိုင်ငံဝန်ထမ်းများ ခေါ်ယူခန့်အပ်နိုင်ရန်အတွက် အရည်းအချင်းစစ်စာမေးပွဲများ ဖြေဆိုရာမှာ အသက် ၂၅ ထက် မကျော်လွန်ရဟူသော အသက်ကန့်သတ်ချက်ကြောင့် အသက် ၂၅ နှစ်ကျော်လွန်နေတဲ့ ဘွဲ့ရလူငယ်များအတွက် ပျောက်ဆုံးနေခဲ့ရပါတယ်။ အချို့သော ဝန်ကြီးဌာများမှ အသက် ၃၀ အထိ ခေါ်ယူနေသည်ကို သိရှိရပါသော်လည်း လက်ရှိ နိုင်ငံပကတိအခြေအနေရ ဝန်ကြီးဌာနများအနေနဲ့ အသက် ၃၀ အထိ ခွင့်ပြုသင့်ပြီဟု ယူဆရပါတယ်။ ဝိဇ္ဇာသိပ္ပံ မဟာဘွဲ့ရသူများကိုတော့ အသက် ၃၅ နှစ်အထိလည်းကောင်း၊ Inservice ဝန်ထမ်းများအတွက်တော့ အသက် ၄၀ ထိခွင့်ပြုရင် ပိုကောင်းမယ်လို့ မိမိအနေနဲ့ ယုံကြည်မိပါတယ်။” ဒါနဲ့ပတ်သက်လို့ ပြည်ထောင်စုရာထူးဝန်အဖွဲ့ ဥက္ကဋ္ဌ ဒေါက်တာဝင်းသိန်းက “ဝန်ကြီးဌာနနှင့် အဖွဲ့အစည်းအားလုံးအတွက် ပြည်ထောင်စုရာထူးဝင်အဖွဲ့က သတ်မှတ်ခြင်းထက် သက်ဆိုင်ရာဝန်ကြီးဌာနနှင့် အဖွဲ့အစည်းအလိုက်သာလျှင် လက်ရှိ အခြေအနေကို သုံးသပ်၍ သတ်မှတ်ခြင်းသည် အသင့်လျော်ဆုံးဖြစ်ပါသဖြင့် ပြည်ထောင်စု ရာထူးဝန်အဖွဲ့မှ အသက် ကန့်သတ်ချက်များကို သတ်မှတ်ပေးရန် အစီအစဉ်မရှိပါဘူး” လို့ ပြည်ထောင်စုရာထူးဝန်အဖွဲ့ ပြန်လည် ဖြေကြားခဲ့ပါတယ်။ အမှုထမ်းအဆင့် ရာထူးတွေ ခန့်ထားမှုကို နိုင်ငံဝန်ထမ်း နည်းဥပဒေ ပုဒ်မ ၇ ပုဒ်မခွဲ (ခ)၊ နိုင်ငံဝန်ထမ်းနည်းဥပဒေ ၁၅ မှ နည်းဥပဒေ ၂၂ အထိ တိတိကျကျပြဌာန်းထားရှိပြီး အဲဒီပြဌာန်းချက်တွေနဲ့ သာ ပြည်နယ်နဲ့ တိုင်းဒေသကြီးတွေက အစိုးရအဖွဲ့တွေ လိုက်နာကျင့်သုံးနေတာဖြစ်ပါတယ်။ ၀န်ထမ်းတစ်ဦးကို ဖွဲ့စည်းပုံပါရာထူးတစ်ခု အတည်ပြုခန့်ထားရာမှာ နိုင်ငံဝန်ထမ်းနည်းဥပဒေ နည်းဥပဒေ ၄ နည်းဥပဒေခွဲ (ဃ) အရ “၀န်ထမ်းသည် အသက် ၁၈ နှစ်ပြည့်ပြီးဖြစ်ရမည်”ဟု ၀န်ထမ်းအဖြစ် စတင်ခန့်ထားနိုင်တဲ့ အသက်ကို သတ်မှတ်ပြဋ္ဌာန်းထားခြင်းမှတစ်ပါး နိုင်ငံ့ဝန်ထမ်း နည်းဥပဒေတွေမှာ အခြားအသက်ကန့်သတ်ချက်တွေကို သတ်မှတ်ပြဋ္ဌာန်းထားခြင်း မရှိဘူးလို့ ဖော်ပြထားပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024