Home
ရုပျသံ
မတရားအသင်းဆက်သွယ်မှု ၁၇ (၁) နှင့် ဖမ်းဆီးခံသတင်းသမားများ - အယ်ဒီတာစကားဝိုင်း
DVB
·
July 3, 2017
ဒီတပတ်ဆွေးနွေးမယ့် အကြောင်းအရာကတော့ ပြီးခဲ့တဲ့ ဇွန် ၂၆ ရက်နေ့က ရှမ်းပြည်နယ်မှာ သတင်းထောက် ၃ ယောက် မတရားအသင်းဆက်သွယ်မှု ၁၇(၁) နဲ့ ဖမ်းဆီးခံရပါတယ်။ အဲဒီမတိုင်ခင်ကတော့ The Voice အယ်ဒီတာချုပ် ကိုကျော်မင်းဆွေလည်း ၆၆(ဃ) နဲ့ တရားစွဲဆိုခံရမှုတွေ ရှိပါတယ်။ အခုရက်ပိုင်းအတွင်းမှာ သတင်းမီဒီယာသမားတွေ ဥပဒေနဲ့ တော်တော်လေးကို ငြိစွန်းပြီးတော့ ဘယ်ဟာကိုတော့ သတင်းလိုက်ရမယ်၊ ဘယ်ဟာကိုတော့ မလိုက်ရဘူး၊ တော်တော်လေးကို စိုးရိမ်မကင်း ဖြစ်ရသလိုမျိုး၊ ဥပဒေနဲ့ ငြိစွန်းမှုတွေ ရှိနေပါတယ်။ ဒီတပတ် ဆွေးနွေးမယ့်သူတွေကတော့ မြန်မာမီဒီယာရှေ့နေများကွန်ရက်က အတွင်းရေးမှူး ဦးသန်းဇော်အောင်နဲ့ The Voice Weekly ဂျာနယ်က ဒု-အယ်ဒီတာချုပ် ကိုဇေယျာသူတို့ကို ဖိတ်ခေါ်ထားပါတယ်။ ဦးတိုးဇော်လတ် (ဒီဗွီဘီ) “လောလောဆယ်တော့ သတင်းထောက် တော်တော်များများဟာ မတရားအသင်း ဆက်သွယ်မှုနဲ့ Unlawful Association ၁၉၀၈ ခုနှစ်က အင်္ဂလိပ်ထားခဲ့တဲ့ ဥပဒေဟောင်းတွေနဲ့ လောလောဆယ် ရင်ဆိုင်နေရပါတယ်။ သတင်းထောက်တွေမှာ အထူးသဖြင့် Conflict (ပဋိပက္ခဖြစ်ပွားသည့်) ဧရိယာတွေပေါ့နော်။ မတည်ငြိမ်တဲ့နေရာတွေမှာ သတင်းကို လိုက်ရမလား၊ မလိုက်ရမလားဆိုတာ စိုးရိမ်မှုတွေရှိတယ်။ ဒီဟာနဲ့ပတ်သက်လို့ ကျနော်တို့ သတင်းထောက်တွေ ဘာသိသင့်လဲ၊ ဘယ်ဟာကတော့ ခွင့်ပြုတယ်၊ ဘယ်ဟာကတော့ ခွင့်မပြုဘူး။ နောက် လက်ရှိဖြစ်ပွားနေတဲ့ ဥပဒေအရ ရင်ဆိုင်နေရတဲ့အပေါ်မှာ ဘယ်လိုမျိုး ရှုမြင်မှာလဲ။ အဲဒါလေး စပြီးဆွေးနွေးပေးပါခင်ဗျ။” ဦးသန်းဇော်အာင် (တရားလွှတ်တော်ရှေ့နေ၊ အတွင်းရေးမှူး- မြန်မာမီဒီယာရှေ့နေများကွန်ရက်) “လက်ရှိကာလကတော့ ကျနော်မြင်တာက သတင်းသမားတွေ အထူးသတိထားရမယ့် ကာလပဲ။ ဘာလို့လဲဆိုတော့ မဏ္ဍိုင် ၃ ရပ်၊ စတုတ္ထမဏ္ဍိုင်ဖြစ်တဲ့ မီဒီယာ။ မဏ္ဍိုင် ၃ ရပ်ကလည်း လောက်လောက်လားလား အားမရှိနေဘူး။ အားမရှိနေတဲ့အချိန်မှာ သတင်းမီဒီယာသမားတွေက အမှန်အတိုင်း ဖော်ပြမယ်၊ ဒီ ၃ ရပ်အကြောင်း ထောက်ပြပြီး ရေးမယ်ဆိုရင်တော့ ကိုယ့်ဘာသာ ဆင်ဆင်ခြင်ခြင် ရေးနိုင်မှ တန်ကာကျမယ်။ အဲဒီအတွက် ကိုယ့်ရဲ့ ရေးသားဖော်ထုတ်မှုတွေကြောင့် တရားစွဲတာတွေက ဖြစ်နေတယ်။ နယ်တွေမှာ သတင်းသွားပြီးယူမယ်ဆိုရင် ကျနော် Refer လုပ်ပေးစေချင်တာကတော့ သတင်းမီဒီယာဥပဒေ။ အဲဒီထဲမှာ Conflict ဧရိယာတွေမှာ စစ်မက်ဖြစ်ပွားနေတဲ့နေရာတွေမှာ ဘယ်လိုယူရမယ်၊ အယ်ဒီတာတွေ ခွင့်ပြုချက်။ ဒါလေးတွေကိုတော့ သတိထားပြီး လိုက်နာစေချင်တယ်။ ဒါပေမယ့် သတင်းသမားတိုင်းကတော့ ဒီမှာရှိတဲ့ တည်ဆဲဥပဒေကို သိမှာမဟုတ်ဘူး။ အဲဒီတော့ သတင်းသမားတွေကို စွဲလို့ရတာ ၁၇(၁) တင် မဟုတ်ဘူး။ အများကြီးရှိတယ်။ အထူးဥပဒေတွေရော၊ ရာဇသတ်ကြီးထဲမှာဆိုရင်လည်း ၁၂၄(က) (ခ) ဒါမျိုးတွေရှိတယ်။ ၁၃၀ တွေရှိတယ်။ အဲဒီလိုပုဒ်မတွေက ကြိုသိထားသင့်တယ်။ ကိုယ် ရေးသားတဲ့အခါ ဒီဟာကို သတင်းကိစ္စနဲ့ တာဝန်ဆောင်ရွက်တဲ့အခါမှာ ဘယ်လိုဟာမျိုးတွေက ရှောင်ရှားသင့်တယ်ဆိုတာ ကိုယ်သိထားရင် မှုခင်းကိစ္စတွေ နည်းသွားမှာပါ။” ဦးတိုးဇော်လတ် (ဒီဗွီဘီ) “ကိုသန်းဇော်အောင်ကတော့ သတင်းသမားတွေ မီဒီယာနဲ့ပတ်သက်တဲ့ ဥပဒေတွေ အများကြီးရှိတယ်။ နောက်တခုကလည်း ပိုပြီးတော့ Aware ဖြစ်သင့်တယ်။ ဆရာဇေယျာသူအနေနဲ့လည်း တကယ့်ကို လက်တွေ့သတင်းလုပ်နေတဲ့ သတင်းထောက်တယောက်အနေနဲ့ရော ကျနော်တို့ သတင်းသမားတွေ အခုလို အခြေအနေမှာ ဘယ်တော့များ၊ အခုဆိုရင် မြို့မှာနေတဲ့လူက ၆၆(ဃ) ကို ကြောက်ရမှာလား၊ ဒါမှမဟုတ် ၅၀၅ ကို ကြောက်ရမှာလား။ ပုဒ်မ ၅၀၀ ကို ကြောက်ရမှာလား။ နယ်ဘက်ကိုထွက်ရင် ၁၇(၁) နဲ့ ငြိမှာလား။ အဲဒါတွေနဲ့ပတ်သက်ရင် ဘယ်ဟာတွေကို သတိပြုသင့်ပြီးတော့ ဘယ်လိုမျိုး ကိုယ့်အလုပ်ကိုယ် အန္တရာယ်ကင်းကင်းနဲ့ လုပ်ရအောင် ဘာတွေများ သိဖို့လိုအပ်မလဲ စပြီးဆွေးနွေးပေးပါဦး။” ဦးဇေယျာသူ (ဒု-အယ်ဒီတာချုပ်၊ The Voice Weekly Journal) “အခုဟာ မီဒီယာက အင်စတီးကျူးရှင်း တော်တော်များများနဲ့ ပွတ်တိုက်မှု ရှိမှာပဲပေါ့နော်။ ဥပမာ တပ်မတော်နဲ့ ဖြစ်ရင်ဖြစ်မယ်၊ အစိုးရနဲ့ ဖြစ်ရင်ဖြစ်မယ်၊ ဒါမှမဟုတ်လည်း နိုင်ငံရေးပါတီ၊ စီးပွားရေးလုပ်ငန်း။ ဒါမျိုးတွေနဲ့က ဖြစ်နေမှာဆိုတော့ ဘာအရေးကြီးလဲဆိုတော့ အခုဟာကတော့ လက်ရှိမှာ အားကိုးရမယ့်ဟာကတော့ ကျနော်တို့နဲ့ဆိုင်တဲ့ ဝန်ကြီးဌာနက ပြန်ကြားရေးဝန်ကြီးဌာနရှိတယ်။ မီဒီယာနဲ့ တခြား လူ့အဖွဲ့အစည်းထဲက ပလေယာတွေပေါ့နော်။ သူတို့နဲ့ ပြဿနာဖြစ်တဲ့အချိန်ကျရင် ဖြေရှင်းပေးမယ့် Myanmar Press Council သတင်းမီဒီယာကောင်စီ ရှိတယ်။ သူတို့နှစ်ဖွဲ့က ဦးစီးဦးဆောင် ပြုပြီးတဲ့အခါကျရင် ကျနော်တို့က သတင်းထောက်တွေရဲ့ No Go Zone ဆိုတာ ဘာလဲပေါ့။ ဘယ်နေရာတွေမှာ ကျနော်တို့က ဘယ်ဟာတွေကို ဘယ်လို ရေးရမှာလဲ။ ဘယ်အဖွဲ့အစည်းတွေနဲ့ ဘယ်လိုဆက်သွယ်ရမှာလဲ။ နောက်ပြီးတဲ့အခါကျရင် သိထားသင့်တဲ့ ဥပဒေတွေက ဘာလဲ။ ပြဿနာဖြစ်ပွားတဲ့ အဖွဲ့အစည်း အခု တပ်မတော်နဲ့ဆိုရင် တပ်မတော်ကို ကျနော်တို့က ချဉ်းကပ်ပြီးတဲ့အခါကျရင် ဒီပြဿနာကို ရှင်းသွားအောင် အရင်ဆုံး ကျနော်တို့ လုပ်သင့်တယ်။ အထဲထဲမှာ ရောက်နေတဲ့ ကျနော်တို့ သတင်းထောက်တွေ ရှိမယ်။ အယ်ဒီတာတွေ ရှိမယ်။ သူတို့တွေအနေနဲ့ဆိုရင် ကျနော့်အမြင် ပြောရရင် Torlerance ပေါ့။ Torlerance ဆိုတော့ အခုဟာက ဒီလူ့အဖွဲ့အစည်းက အမေရိကန်တို့၊ အင်္ဂလိပ်တို့လို အသားကျပြီးသား မဟုတ်သေးတဲ့အတွက် ဥပဒေဆိုလည်း ရှေးဟောင်းဥပဒေတွေ၊ အင်္ဂလိပ်ခေတ်က ဥပဒေတွေလိုဟာမျိုးတွေနဲ့ သွားနေရတယ်။ ဒီမိုကရေစီခေတ်နဲ့ မလျော်ညီသေးဘူး ဆိုတဲ့အခါကျတော့ အဲဒီအချိန်မှာ ကျနော်တို့က Torlerance ပေါ့။ တဘက်နဲ့တဘက် မီဒီယာအနေနဲ့ကြည့်ကြည့်၊ အစိုးရတို့၊ တပ်တို့ကပဲ ကြည့်ကြည့် ကျနော်တို့က အပြန်အလှန် ထောက်ထားပြီးတော့ သွားဖို့ အခုလိုနေတယ်။ မီဒီယာသမားတွေအနေနဲ့တော့ ဘာဖြစ်ရမလဲဆိုရင် စစ်သတင်းတို့၊ အထူးသဖြင့် Sensitive ဖြစ်တဲ့ဟာ ခံစားချက်ပြင်းတဲ့ဟာမျိုးဆိုရင် ကျနော်တို့က ဘယ်လိုသတင်းလိုက်ရမလဲ။ သက်ဆိုင်ရာ ထုတ်ဝေသူတို့၊ အယ်ဒီတာအကြီးတွေကရော ဘယ်လို ကာကွယ်ပေးထားမလဲ။ အဲဒါတွေကို အခုအချိန်မှာ တိုင်ပင်ပြီးတော့ သွားသင့်လို့ ထင်ပါတယ်။” အပြည့်အစုံကို ရုပ်သံဖိုင်တွင် ကြည့်ရှုနိုင်ပါသည်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024