ဝမ်းတွင်းမြို့နယ် ပညာရေးဌာနတွင် ဆရာ၊ ဆရာမများ လိုအပ်နေ
DVB
·
July 3, 2017
မန္တလေးတိုင်းဒေသကြီး၊ ဝမ်းတွင်းမြို့နယ်၊ အခြေခံပညာကျောင်းတွေမှာ အထက်တန်း၊ အလယ်တန်း၊ မူလတန်း သင်ပြမယ့် ဆရာတွေ လစ်လပ်နေရာ လိုအပ်ချက်တွေ ရှိနေပေမယ့် ခန့်ထားမှု မရှိသေးတဲ့အတွက် ပညာသင်ကြားရာမှာ အခက်အခဲ ဖြစ်နေတယ်လို့ မြို့နယ်ပညာရေးမှူးရုံးက ပြောပါတယ်။
သဲတော အထက်တန်းကျောင်းအုပ်ဆရာကြီး ဦးစန်းမြင့်က “ဆရာ၊ ဆရာမတွေ လိုတာပေါ့။ ဝိဇ္ဇာတွဲ သင်ပြမယ့် အထက်တန်းပြဆရာ လိုအပ်လို့ အကူအညီတောင်းပြီး သင်ခိုင်းရတယ်။ ဆရာတယောက် သင်တာထက် နှစ်ယောက်၊ သုံးယောက် သင်ပေးတာ ပိုကောင်းတာပေါ့။ ဆရာများလေ ကျောင်းသားကို ပိုဂရုစိုက်နိုင်လေ၊ ပိုထိရောက်လေပေါ့” လို့ ပြောပါတယ်။
ဒုပညာရေးမှူး ဦးကျော်မြင့်က “အရင်နှစ်ကတော့ ဖေဖော်ဝါရီလလောက်ကတည်းက ရာထူးတိုးအမိန့်ထွက်တယ်။ လစ်လပ်သွားတဲ့နေရာ အစားထိုးခန့်ပြီး ဖြည့်တယ်။ ဒီနှစ်တော့ ကျောင်းတွေကို အဆင့်တိုးမြှင့်ပေးလိုက်တယ်။ အဲဒီအမိန့်နဲ့ တွဲပါလာရမှာ ကျောင်းအုပ်နဲ့ လိုနေတဲ့ ဆရာ မပါဘူး။ ရာထူးတိုးအမိန့်တွေလည်း မထွက်သေးဘူး။ တလ နောက်ကျရင် တလ နစ်နာပါတယ်” လို့ ပြောပါတယ်။
အလယ်တန်ကျောင်းခွဲ ကျောင်းအုပ်ဆရာ ဦးချစ်စမ်းက “ကျနော့်ကျောင်း အလယ်တန်းကျောင်းခွဲက ပတ်ကား အလယ်တန်း ဖြစ်တယ်။ ကျနော် ဘယ်ကျောင်းပြောင်း လုပ်ရမယ် မသိဘူး။ ပတ်ကားကျောင်းအုပ်လည်း မလာသေးဘူး၊ ဘာလုပ်လို့ လုပ်ရမှန်း မသိဘူး ဖြစ်နေတယ်”လို့ ပြောပါတယ်။
ဆယ်တန်းကျောင်းသူ မိဘ ဦးစစ်နိင်က “အလုပ်လျှောက်ရင် ဝိဇ္ဇာတွေ နည်းနေတော့ အလုပ်ရဖို့ သေချာတယ်။ ကိုးတန်း၊ ဆယ်တန်း ဝိဇ္ဇာယူရအောင် ဝိဇ္ဇာသင်မယ့် အထက်တန်းပြဆရာ မရှိတော့ ခက်တယ်။ ဇူလိုင်စာမေးပွဲ ဖြေတော့မယ်။ ကျောင်းတွေမှာ ဆရာမစုံသေးဘူး။ အစိုးရသစ်လက်ထက် ခန့်ထားရေး လိုတာဖြည့်ပေးဖို့ နောက်ကျနေတယ်။ ကျောင်းသားတွေ ခက်နေတာပေါ့”လို့ ပြောပါတယ်။
ဝမ်းတွင်းမြို့နယ်မှာ အထက်တန်း၊ အလယ်တန်း၊ မူလတန်း ကျောင်း ၁၆၆ ကျောင်း ရှိပါတယ်။ ကျောင်းသား ၃၆၁၀၃ ယောက် ရှိနေပါတယ်။ ဆရာ၊ ဆရာမ ၁၀၉၄ ယောက်ရှိပြီး လစ်လပ်နေရာ ၂၀၀ ကျော်ရှိနေပါတယ်။ ယခင်နှစ်တွေက ဒီလိုလရောက်ရင် လိုတာဖြည့်ပေးပြီး ထပ်လိုတာကို လျှောက်လွှာခေါ်ပြီလို့ သိရပါတယ်။
အစိုးရသစ်လက်ထက် နှောင့်နှေးနေလို့ မိဘပြည်သူတွေ အားမလိုအားမရ ဖြစ်နေပါတယ်။
သတင်း-မောင်မောင်လင်း(ဝမ်းတွင်း)