Home
မြန်မာသတင်း
၅၀၀၀ ကျပ်တန် ဆင်းမ်ကတ် အမြန်ဆုံး အသုံးပြုခွင့်ပေးရန် တောင်းဆို
အေးနိုင်
·
February 22, 2012
၅၀၀၀ ကျပ်တန် ဆင်းမ်ကတ် အမြန်ဆုံး သုံးစွဲခွင့်ပေးဖို့ ကုန်ဈေးနှုန်းကျဆင်းရေး ဆန္ဒပြခေါင်းဆောင် ကိုထင်ကျော်က သမ္မတဦးသိန်းစိန်ကို တောင်းဆိုလိုက်ပါတယ်။ [caption id="attachment_21575" align="alignleft" width="310" caption=" ကိုထင်ကျော်"][/caption] အများသူငါ တယ်လီဖုန်း သုံးစွဲနိုင်အောင် စီစဉ်ပေးခြင်းအားဖြင့်  ကုန်ဈေးနှုန်း ကျဆင်းရေးနဲ့ ပြည်သူတွေရဲ့ ဆင်းရဲနွမ်းပါးမှု တစိတ်တဒေသ လျော့ပါးရေးကို အထောက်အကူပြုစေလိမ့်မယ်လို့ သမ္မတရုံးထံ ပေးပို့ တောင်းဆိုတဲ့ စာမှာ ရေးပါတယ်။ ဒီမိုကရေစီအရေး စဉ်ဆက်မပြတ်လှုပ်ရှားမှုအင်အားစု အမည်နဲ့ ပြန်လည် လှုပ်ရှားလာတဲ့ ကိုထင်ကျော်က တောင်းဆိုရတဲ့ ရည်ရွယ်ချက်ကို ခုလို ပြောပါတယ်။ “သမ္မတဦးသိန်းစိန်ဆီ တင်တဲ့စာကတော့ လက်ရှိပြည်သူလူထု ဆင်းရဲနွမ်းပါးမှုကို သမ္မတ ဦးသိန်းစိန်က မြန်မာတနိုင်ငံလုံးနဲ့ နိုင်ငံတကာကသိအောင် ကြေညာခဲ့တာ။ မြန်မာ ပြည်သူလူထုတွေက ဆင်းရဲနွမ်းပါးမှု ရှိနေတယ်ဆိုတာ ကြေညာခဲ့တဲ့အတွက်  အဲ့ဒါကို ထောက်ခံပြီးတော့ လက်ရှိဆင်းရဲနွမ်းပါးမှု ပပျောက်ရေးပေါ့။ ကျနော်တို့ ကုန်ဈေးနှုန်း ကျဆင်းရေး ခေါင်းစဉ်မှာ ပါဝင်နေတဲ့အတွက် အဲဒီအချက်ကို ထောက်ခံသောအားဖြင့် လက်ရှိ မြန်မာပြည်သူလူထု အခြေခံလိုအပ်ချက်မှာ တခု အပါအ၀င်ဖြစ်တဲ့ လက်ကိုင်ဖုန်း သုံးခွင့်မှာ ၅၀၀၀ တန် အသုံးပြုခွင့်ပေးဖို့ တောင်းဆိုတဲ့ တင်ပြစာပါပဲ။” ဆင်းမ်ကတ်တခု ၅၀၀၀ ကျပ်နဲ့ ရရှိရေး ငြိမ်းချမ်းစွာ ဆောင်ရွက်သွားမယ်လို့ ကိုထင်ကျော်က ပြောပါတယ်။ “လူထု လှုပ်ရှားမှုအနေနဲ့  တနိုင်ငံလုံးမှာ ကျနော်တို့ ဆောင်ရွက်သွားမှာပါ။ ဒီမိုကရေစီ စနစ်အရ ငြိမ်းချမ်းစွာနဲ့ ဆန္ဒဖော်ထုတ်ပြီးတော့ ပြည်သူလူထုရဲ့ ဆန္ဒကို အဓိက ထားပြီးတော့ ဖော်ဆောင်မှာ ဖြစ်ပါတယ်။ အဲဒါကိုလည်း ဒီနေ့ ဖေဖော်ဝါရီ ၂၂၊ ၂၀၁၂ ခုနှစ်မှာ သမ္မတကြီးနဲ့တကွ ပြည်ထောင်စုလွှတ်တော် နာယကကြီး၊  ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ၊ အမျိုးသားလွှတ်တော် ဥက္ကဋ္ဌနဲ့ လွှတ်တော် ကိုယ်စားလှယ်များကို ဒီနေ့ ကျနော်တို့ အကြောင်းကြားစာ ပေးပို့လိုက်ပါပြီ။ နိုင်ငံရေးပါတီတွေကိုလည်း ပေးပို့မှာ ဖြစ်ပါတယ်။ အဲဒီ့အတွက်ကို ဒီနေ့က စပြီးတော့ ၅ ရက် စောင့်ကြည့်ပါမယ်။” လွန်ခဲ့တဲ့ လပိုင်းက ရွှေပြည်တံခွန်ကုမ္ပဏီက ဆင်းမ်ကတ်တခု ကျပ် ၅၀၀၀ နဲ့ ဖြန့်ဝေဖို့ သမ္မတထံ တင်ပြထားတယ်လို့ ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။ ပြင်ပမှာ ဆင်းမ်ကတ်တခု ၅ သိန်း ဈေး ရှိနေတာကြောင့်  ဒီကိစ္စကို လူပြောများခဲ့ပြီး မြန်မာ့ဆက်သွယ်ရေးကတော့ တည်ဆဲ ဥပဒေအရ မဖြစ်နိုင်ဘူးလို့ ငြင်းချက်ထုတ်ထားပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024