သီပေါရဲစခန်း လက်လုပ်ဗုံးဖြင့် ပစ်ခတ်တိုက်ခိုက်ခံရ
နော်နိုရင်း
·
July 2, 2017
ရှမ်းပြည်မြောက်ပိုင်း သီပေါမြို့မရဲစခန်း ဒီကနေ့မနက်စောပိုင်းက လက်လုပ်ဗုံးနဲ့ ပစ်ခိုက်တိုက်ခိုက်မှုခံခဲ့ရပြီး စခန်းတွင်း ရပ်ထားတဲ့ ကားနှစ်စီး ပျက်စီးသွားတယ်လို့ သီပေါမြို့နယ် ရဲတပ်ဖွဲ့မှူး မြင့်ဝင်းက ဒီဗွီဘီကို ပြောပါတယ်။
ဒီကနေ့ မနက်အစောပိုင်း ၄ နာရီခွဲလောက်မှာ ဆိုင်ကယ်စီးလာသူ တဦးကနေပြီး လက်လုပ်မိုင်းနဲ့ လာရောက်ပစ်ပေါက်ခဲ့တာဖြစ်ပြီး အဆိုပါလက်နက်လုပ်မိုင်းဟာ ရဲစခန်းနဲ့ အုပ်တံတိုင်းကြားမှာ ကျရောက်ပေါက်ကွဲခဲ့တာလို့ ဆိုပါတယ်။
“အပြင်ကနေ သူက လက်လုပ်ဗုံးနဲ့ ပစ်သွားပါတယ်ခင်ဗျာ။ ရဲစခန်းကအနောက်က ကင်းရုံကို ပစ်တာပေါ့ခင်ဗျာ။ ဆိုင်ကယ်နဲ့လာပြီးတော့ ဆိုင်ကယ်ရပ်ပြီးတော့ ပစ်သွားတာ။”
ဒီပစ်ခတ်မှုကြောင့် ထိခိုက်သေဆုံးသူမရှိပေမယ့် ကားနှစ်စီးပျက်စီးသွားပြီး ဖြစ်စဉ်နဲ့ ပတ်သက်လို့ စုံစမ်းနေတယ်လို့ ပြောပါတယ်။
သီပေါရဲတပ်ဖွဲ့အနေနဲ့ မတရားအသင်းဆက်သွယ်မှုပုဒ်မ-၁၇ နဲ့ ဖမ်းဆီးထားသူ ၃ ဦးဟာ ပလောင်လူမျိုးတွေဖြစ်တာကြောင့် အဲဒီအမှုနဲ့ ဆက်စပ်နိုင်တယ်လို့ ယူဆရကြောင်းလည်း ရဲမှူးမြင့်ဝင်းက ပြောပါတယ်။
“အဲဒါကတော့ ကျနော်တို့ စုံစမ်းနေတုန်းပဲ။ ဒါပေမယ့် ဖြစ်နိုင်ခြေကတော့ လက်ရှိကျနော်တို့ ရဲစခန်းမှာ ဖမ်းထားတဲ့ ၁၇ (၁) ပေါ့လေ။ မတရားအသင်းဆက်သွယ်မှု နဲ့ ဆက်စပ်ပြီးတော့ ဖြစ်နိုင်ပါတယ်။ ကျနော်တို့ ဖမ်းထားတဲ့အထဲမှာ ပလောင် ၃ ယောက်ပါတယ်လေ။ အဲဒါနဲ့ ပတ်သက်ပြီး မကျေနပ်လို့ လာပြီးလုပ်တယ်လို့ ထင်တယ်။”
ဓာတ်ပုံ - အာကာမြင့်အောင်