Home
ဆောင်းပါး
“အောင်လ အောင်ပွဲမှသည်...ကချင်ပြည်သူတို့အောင်ပွဲ… မြန်မာ့ငြိမ်းချမ်းရေး အောင်ပွဲဆီ "
DVB
·
July 2, 2017
ပြီးခဲ့တဲ့ဇွန်လ၃၀ရက်နေ့ ညပိုင်းမှာတော့ သုဝဏ္ဏမြို့အားကစားရုံမှာ ကျင်းပခဲ့တဲ့ မစ်ဒယ်ဝိတ်တန်းကမ္ဘာ့ချန်ပီယံဗိုလ်လုပွဲမှာ ကချင်အမျိုးသားလေး  အောင်လအန်ဆန်းဟာ လက်ရှိချန်ပီယံဖြစ်တဲ့ ရုရှားနိုင်ငံသား ဗစ်တာလီဘစ်ဒက်ရှ်ကို ၅ ချီအပြီးမှာ ဒိုင်အဆုံးအဖြတ်နဲ့ အနိုင်ရပြီး ရွှေခါးပတ်ရရှိခဲ့လို့ မြန်မာ့တိုင်းရင်းသား မျိုးနွယ်တဦးအနေနဲ့ ပထမဆုံး ကမ္ဘာ့ချန်ပီယံဘွဲ့ကို ဆွတ်ခူးနိုင်ခဲ့ပါတယ်။ ကချင်အမျိုးသားလေး ကိုအောင်လဟာ ကချင်လူမျိုးတွေအတွက် ဂုဏ်ယူဝင့်ကြွားစရာ၊  မြန်မာနိုင်ငံနဲ့ ပြည်ထောင်စုတဝှမ်းလုံး အားတက်ဂုဏ်ယူစရာ အောင်ပွဲကို ဆောင်ကျဉ်းလို့ပေးခဲ့ပါပြီ။ ခရစ်ယာန်ဘာသာဝင်  ပြည်ထောင်စုဖွား ကချင်တိုင်းရင်းသား မျိုးနွယ်လူငယ်တဦးရဲ့ အံ့မခန်းတဲ့ စွမ်းဆောင်မှုဟာ တို့နိုင်ငံ၊ တို့ပြည်  ထောင်စုကို ကမ္ဘာကသိစေ၊ လေးစားစေခဲ့ပါပြီ။ ဒီပွဲမတိုင်ခင်က ပထမအကြိမ် ထိုးစဉ်တုန်းက သွေးအလိမ်းလိမ်းနဲ့ ရှုံးနိမ့်ခဲ့တာကို စိတ်ဓာတ်မကျဘဲ အဲ့ဒီအရှုံးကို သင်ခန်းစာယူလို့ အောင်ပွဲရသည်အထိဇွဲလုံ့လဝီရိယတို့နဲ့ ကြိုးစားတဲ့နမူနာကောင်းကို  မြန်မာလူငယ်တွေ  အားလုံး အတုခိုး စြံပုအားကျစရာ ဖြစ်စေခဲ့ပါပြီ။ အောင်ပွဲရတဲ့အခါမှာလည်း ရိုးသားတဲ့ကချင်လူမျိုး ခရစ်ယာန်ဘာသာဝင်ပီပီ သူယုံကြည်တဲ့ ဘုရားသခင်ရဲ့ ဂုဏ်ကျေးဇူးတော်နဲ့ ကျေးဇူးရှိသူတွေကို ထုတ်ဖော်ချီးကျုး အလေးထားကြောင်း ပြသသွားတာကလည်း  မြန်မာနိုင်ငံသားတို့အတွက် စံထားနမူနာ ယူစရာ စိတ်ထားကောင်းတရပ် ဖြစ်ပါတယ်။ ဒါကြောင့် ဒီဆောင်းပါးနဲ့ ကိုအောင်လရဲ့ စိတ်ဓါတ်ကောင်း ဇွဲလုံ့လ၊ ၀ီရိယ နမူနာကောင်း၊ နည်းစနစ်  လေ့ကျင့်မှုကောင်းတွေနဲ့ အရယူနိုင်ခဲ့တဲ့ ကမ္ဘာကျော် အောင်မြင်မှုကို လေးစားစွာ ဦးညွှတ်ဂုဏ်ပြု မှတ်တမ်း တင်လိုက်ပါတယ်။ တကယ်တော့ ဗမာလူမျိုးတွေအပါအ၀င် ပြည်ထောင်စုဖွား မြန်မာ့တိုင်းရင်းသားတွေ အားလုံးမှာ မျိုးရိုးဗီဇ  ကောင်းတွေ၊ စိတ်ဓာတ်ကောင်း၊ အစဉ်အလာကောင်း အရည်အသွေးကောင်း ကိုယ်စီရှိကြပါတယ်။ သူတို့ရဲ့ အဲဒီအရည်အသွေးတွေ စွမ်းဆောင်နိုင်အားတွေကို ထုတ်ဖော်ပြသ အသုံးချခွင့်မရခဲ့တာသာ ဖြစ်ပါတယ်။ ဒီဆောင်းပါးမှာ အဓိကရေးပြချင်တာက နိုင်ငံတနိုင်ဟာ လူတိုင်းလူတိုင်းအတွက်၊ နိုင်ငံသားတိုင်းအတွက် ကိုယ်ပိုင်အရည်အသွေး အစွမ်းအစတွေကို ထုတ်ဖော်ပြသခွင့် ညီညီမျှမျှရတဲ့ စနစ်ရှိမှသာ အဲဒီတိုင်းပြည်ဟာ တိုးတက်ဖွံ့ဖြိုးနိုင်တယ်ဆိုတာပါပဲ။ မြန်မာနိုင်ငံဟာ လက်နက်အင်အားကြီးတဲ့သူက ဗိုလ်ကျအုပ်စိုး အနိုင်ကျင့်တဲ့ စစ်အာဏာရှင်စနစ် ထွန်းကားခြယ်လှယ်ခြင်းခံရတာ နှစ်ပေါင်း ၅၀ ကျော်ခဲ့တာမို့ တိုင်းပြည်ဟာ ကဏ္ဍပေါင်းစုံမှာ ချွတ်ခြုံကျပြီးနိမ့်ပါး ခဲ့ရတာဖြစ်ပါတယ်။ ကချင်တိုင်းရင်းသား မျိုးနွယ်ဖွား လူငယ်လေး ကိုအောင်လဟာလည်း အကြောင်းအမျိုးမျိုးနဲ့ အာဏာရှင်စနစ် စိုးမိုးတဲ့မြန်မာပြည်ကနေ မိမိအရည်အသွေးကို ကမ္ဘာ့အဆင့်အတန်းမီ လွတ်လွတ်လပ်လပ် လေ့လာသင်ယူ လေ့ကျင့်ပျိုးထောင်ခွင့်၊ ထုတ်ဖော်နိုင်ခွင့်ရှိတဲ့ အမေရိကန်ပြည်ထောင်စုကို ရောက်ရှိခွင့်ရသွားတာမို့ အခုလို ကမ္ဘာကျော်တဲ့ အောင်မြင်မှုကို ပိုင်ဆိုင်ခဲ့ရတာဖြစ်ပါတယ်။ ဒီလိုပြောလို ပြီးခဲ့တာတွေအပေါ် အတိတ်ဟောင်းတွေနဲ့ ဝေ့လည်တိုင်ပတ်နေတယ်လို့ မယူဆစေချင်ပါဘူး။  ဖြစ်ခဲ့တဲ့အတိတ်သမိုင်းက သင်ခန်းစာယူစရာတွေကို သတိပြုပြီး  အမှန်ကိုရောက်အောင်  ပြင်ဆင်နိုင်တယ် ဆိုတာ ထင်ရှားစေလိုရင်း ဖြစ်ပါတယ်။ ထပ်ပြီးရှင်းအောင်ပြောရရင် မြန်မာနိုင်ငံမှာ လူတစု၊ လူနည်းစုက ချယ်လှယ်ဗိုလ်ကျတဲ့စနစ်ကို အပြီးတိုင်ဖျက်သိမ်းနိုင်မှသာ ကျနော်တို့ အားလုံး လိုချင်တောင့်တနေတဲ့ ပြည်ထောင်စုဖွားတိုင်းရင်းသား  မြန်မာနိုင်ငံသားတိုင်း ခွင့်တူညီမျှ အခွင့်အလမ်းတွေကို ရရှိကြဖို့ အာမခံပေးနိုင်တဲ့ အများဆန္ဒနဲ့ အုပ်ချုပ်တဲ့ ဖက်ဒရယ်ဒီမိုကရေစီစနစ်ကို တည်ဆောက်နိုင်မှာဖြစ်ပါတယ်။ အဲဒီစနစ်ကို တည်ဆောက်နိုင်မှလည်း ကိုအောင်လလို အစွမ်းအစရှိတဲ့ တခြားသော မြန်မာနိုင်ငံသားတွေ၊ တိုင်းရင်းသားတွေဟာ ကမ္ဘာကျော်အောင်မြင်မှုတွေနဲ့ တိုင်းပြည် ဂုဏ်ဆောင်နိုင်ကြမှာဖြစ်သလို နိုင်ငံဟာလည်း ဖွံ့ဖြိုးတိုးတက်ချမ်းသာ လာနိုင်မှာ ဖြစ်ပါတယ်။ အဲဒီ လူတစု၊ လူနည်းစုက ခြယ်လှယ်ဗိုလ်ကျတဲ့စနစ်ကို အပြီးတိုင်ဖျက်သိမ်းနိုင်ဖို့ ဆိုရင် အခြေခံအကျဆုံးပြင်ရမှာက တိုင်းပြည်ရဲ့ အုပ်ချုပ်ပုံစနစ်ကို ဖော်ညွှန်းတဲ့ နိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံဥပဒေမှာ လူတစု၊ တစ်ဖွဲ့တစ်ဖွဲ့က ဥပဒေအထက်နေပိုင်ခွင့်မရှိအောင်၊ နိုင်ငံတော်အာဏာ (၃) ရပ်လုံးကို မောင်ပိုင်စီးခွင့်မရအောင် ရေးဆွဲပြဋ္ဌာန်းပေးဖို့ လိုပါတယ်။ စစ်အာဏာရှင် စိတ်ကြိုက်ရေးဆွဲသွားခဲ့တဲ့ ဒီကနေ့ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေထဲမှာ အဲဒီ လူတစု၊ လူနည်းစုက ချယ်လှယ်ဗိုလ်ကျပိုင်ခွင့်တွေကို အပ်နှင်းထားတာ အပိုဒ်အတော်များများမှ ပါဝင်နေတာ ဘယ်သူမှ ငြင်းနိုင်လိမ့် မယ်မထင်ပါဘူး။ ၂၀၀၈  ခုနှစ်တုန်းကတော့ စစ်အာဏာရှင်တစုဟာ သူတို့ ကျူးလွန်ခဲ့တဲ့ အမှားတွေနဲ့ မတရားရယူချမ်းသာခဲ့တဲ့ ပစ္စည်းဥစ္စာနဲ့ အခွင့်ထူးတွေကို ကာကွယ်ချင်လို့ ရေးဆွဲပြဋ္ဌာန်းခဲ့ပေမယ့် အခုအချိန်အခါမှာတော့ အဲဒီမှားယွင်းနေတဲ့ ဥပဒေပုဒ်မတွေကို မဖြစ်မနေပြင်ဆင်ရတော့မှာပါ။ ဒီအမှားတွေကို အမျိုးသားပြန်လည်သင့်မြတ်ရေး အကြောင်းပြပြီး ကာကွယ်စောင့်ရှောက်ဖို့ လိုတယ်လို့ယူဆရင်တော့ သမိုင်းရဲ့အကဲဖြတ်မှုနဲ့ ပြည်သူလူထုရဲ့ ဒဏ်ခတ်မှုကို ခံကြရပါလိမ့်မယ်။ ဒီဆောင်းပါးမှာတော့ တွေးခေါ်မျှော်မြင်ပုံစနစ် တက်တက်စင်အောင်လွဲမှားနေပြီး ဖက်ဒရယ်ဒီမိုကရေစီစနစ်နဲ့ လုံးလုံးမကိုက်ညီတဲ့ ၂၀၀၈ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေထဲက မမှန်ကန်တဲ့ ဥပဒေပုဒ်မပေါင်းများစွာ အနက်က အခန်း (၃) မှာပါတဲ့ နိုင်ငံတော်သမ္မတနဲ့ ဒုသမ္မတများရဲ့ အရည်အချင်းတွေ သတ်မှတ်ထားတဲ့ ပုဒ်မ-၅၉ အကြောင်းကို နည်းနည်းရေးပြချင်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ကို သမ္မတမဖြစ်စေလိုတဲ့ ရည်ရွယ်ချက်နဲ့ ထည့်သွင်းရေးဆွဲထားတယ်လို့ ယူဆစရာဖြစ်တဲ့ ပုဒ်မ ၅၉ (စ) အကြောင်းကတော့ လူတော်တော်များသ်ပြီးသားမို့ ဒီဆောင်းပါးမှာ မရေးပြတော့ပါဘူး။ အခုရေးပြမှာက ပုဒ်မ-၅၉ (ဃ) အကြောင်းပါ။ နိုင်ငံတော်သမ္မတနဲ့ ဒုသမ္မတတွေရဲ့ အရည်အချင်းတွေထဲမှာ “နိုင်ငံတော်၏ အရေးအရာများဖြစ်သော နိုင်ငံရေး၊ အုပ်ချုပ်ရေး၊ စီးပွားရေး စစ်ရေးစသည့်အမြင်များရှိရမည်” လို့ ထည့်ရေးထားပါတယ်။ အမေရိကန်ပြည်ထောင်စုကြီးရဲ့ သမ္မတအတွက် သတ်မှတ်ထားတဲ့ အရည်အချင်းတွေကတော့ ရိုးရိုးရှင်းရှင်းလေးဖြစ်ပါတယ်။ အသက် ၃၅ နှစ်ပြည့်ပြီးတဲ့ အမေရိကန်နိုင်ငံသားဖြစ်ရမည်၊ သမ္မတအဖြစ် ရွေးချယ်တင်မြောက်ခံရတဲ့အချိန်နဲ့ တဆက်တည်း အနည်းဆုံး ၁၄ နှစ်ကြာအောင် အမေရိကန်နိုင်ငံအတွင်း နေထိုင်ခဲ့သူ ဖြစ်ရမယ်ဆိုတာပါပဲ။ ဒီနေရာမှာရေးချင်တာက နိုင်ငံရေးအမြင်၊ အုပ်ချုပ်ရေးအမြင်၊ စီးပွားရေးအမြင်၊ စစ်ရေးအမြင်လို့ပြောပြော၊ ကာကွယ်ရေးအမြင်လို့ဆိုဆို အဲဒီအရည်အသွေးတွေကို လိုအပ်ချက်အနေနဲ့ ထည့်ထားခြင်းဟာ နိုင်ငံ့တာဝန် ထမ်းဆောင်သူတွေ အမျိုးမျိုးကြားမှာ ကန့်သတ်စည်းခြားတဲ့ အဓိပ္ပာယ်သက်ရောက်နေပါတယ်။ အခွင့်အရေး မညီမျှမှုကို ဖြစ်စေအောင် အဓိပ္ပာယ်ဖွင့်ဆိုမှုမှားယွင်းစေနိုင်ပြီး၊ ညီညွတ်မှုကို ပျက်ပြားစေနိုင်ပါ တယ်။ ဒါကြောင့်လည်း နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ကာကွယ်ရေးဆိုတာနဲ့ ပတ်သက်လို့ ကိုယ့်ရဲ့နိုင်ငံကို ကာကွယ်ဖို့ဆိုရင် နည်းအမျိုးမျိုးရှိ ပါတယ်။ သူတစ်ပါးကိုသတ်တဲ့နည်းတွေနဲ့သာ ကာကွယ်ဖို့ မလိုဘူး။ ပထမ ကာကွယ်ရမှာက အမှန်တရားကို ကာကွယ်ရမယ်။ အဲဒါဟာ နိုင်ငံအတွက် အကောင်းဆုံး အကာအကွယ်ပဲ။ စစ်သားလုပ်ချင်တာကို အများကသဘောကျတယ်။ ဒါပေမယ့် ကောင်းတဲ့ စစ်သားဖြစ်ရမယ်။ စိတ်သဘောထား လည်းကောင်းရမယ်။ ဥာဏ်ရည်လည်းကောင်းရမယ်။ ပြည်သူတွေ အပေါ်မှာလည်း တကယ့် စေတနာရှိ ရမယ်။ သူများတွေကို သတ်ချင် ဖြတ်ချင်တဲ့ စိတ်မရှိရဘူး။ လူဆိုး လူမိုက်တွေကို ဖမ်းမယ်၊ ဒဏ်ပေးမယ်။ အဲဒါဟာ အဓိက မဟုတ်ဘူး။ သူတို့ကို လူကောင်းဖြစ်အောင် ဘယ်လို လုပ်နိုင်မလဲ ဆိုတာ စဉ်းစားဖို့က အဓိက ကျတယ်။ နိုင်ငံတော်ကို ကာကွယ်တဲ့ နေရာမှာ လက်နက်ဖြင့်သာ ကာကွယ်နိုင်ခြင်း မဟုတ်ဘဲ၊ ဆရာ ဆရာမများက ပညာသင်ကြားခြင်း၊ ဆရာဝန်များက ဆေးကုသပေးခြင်းတွေကလည်း နိုင်ငံတော်ကို ကာကွယ်တာ တစ်နည်းမဟုတ် ပြည်သူကို အကာအကွယ် ပေးနေတာပါပဲ။  ဆိုတဲ့သဘောမျိုးပြောဆိုခဲ့တယ်လို့ မှတ်သားဖူးပါတယ်။ ဒီဆောင်းပါးကို နိဂုံးသပ်ရရင် မြန်မာနိုင်ငံသားအများစုနဲ့ ပြည်ထောင်စုဖွား သွေးချင်းညီအကိုမောင်နှမ တိုင်းရင်းသားတွေမှာ ကိုယ်ပိုင်အခွင့်အရေးတွေ နစ်နာဆုံးရှုံးခဲ့ရတာ၊ လူတစုတစ်ဖွဲ့ရဲ့ ဗိုလ်ကျအမြတ်ထုတ် တာခံခဲ့ရတာ၊ အရည်အချင်းတွေ ထုတ်ဖော်ပြသခွင့်မရတာ၊ ဘ၀တက်လမ်းတွေ ပိတ်ခံခဲ့ရတာ လွတ်လပ်ရေးရစ အချိန်ကနေရေတွက်ရင် နှစ် (၇၀) ကျော် ခဲ့ပါပြီ။ ပြည်သူလူထုနဲ့ တိုင်းရင်းသားတွေဘက်က နာကြည်းမယ်ဆိုရင် နာစရာတွေကဒုနဲ့ ဒေးပါ။ မလှပတဲ့ သမိုင်းအဖြစ်အပျက်တွေ၊ အတိတ်ကအမှားတွေကို သင်ခန်းစာယူပြီး စစ်မှန်တဲ့အမျိုးသား ပြန်လည်သင့်မြတ်ရေးကို မှန်မှန်ကန်ကန်ဖော် ဆောင်နိုင်ဖို့ တာဝန်ရှိသူအားလုံး ပြင်ဆင်ရမယ့် စိတ်နေသဘောထားတွေ၊ အတွေးအခေါ် ရပ်တည်ချက်တွေ မှန်ကန်တဲ့ဘက် ပြောင်းလဲလာကြဖို့၊ ပြင်ဆင်ရမယ့် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို အများအကျိုးကို ဖော်ဆောင်နိုင်တဲ့ ပြည်သူအများစု လက်ခံမယ့် အခြေခံဥပဒေတစ်ရပ်ဖြစ်လာအောင် ပြင်ဆင်ကြဖို့ကို အချိန်မဆွဲကြဘဲ အောင်လ အောင်ပွဲမှသည် ကချင်ပြည်သူတို့အောင်ပွဲ၊ မြန်မာ့ငြိမ်းချမ်းရေးအောင်ပွဲဆီကို နိုင်ငံသားတိုင်း အတူတကွ အရောက်လှမ်းနိုင် ကြပါစေကြောင်း ဆန္ဒပြု နှိုးဆော်လိုက်ပါတယ်။ မင်းကောင်းချစ်
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024