စားပွဲထိုးမိန်းကလေးအား အဓမ္မပြုကျင့် သတ်ဖြတ်ခဲ့သူကို ရဲဖမ်းဆီးချိန် သေကြောင်းကြံ

ထိုင်းနိုင်ငံမှ စားပွဲထိုးမိန်းကလေး အဓမ္မပြုကျင့် သတ်ဖြတ်ခံခဲ့ရမှုမှာ သံသယရှိတဲ့ အမျိုးသားကို ရဲတွေက လိုက်လံဖမ်းဆီးချိန် သူက အသာတကြည် အဖမ်းမခံဘဲ အဆိပ်သောက်သတ်သေဖို့ ကြိုးစားခဲ့ပါတယ်။
ဟွာဟင်းဒေသမှ အသက် ၂၅ နှစ်အရွယ် ဆီရိပရာဖာ ကိုဆင် အမည်ရတဲ့ စားပွဲထိုးမိန်းကလေးဟာ ငှားထားတဲ့ အခန်းတခုထဲမှာ အဓမ္မပြုကျင့်ခံခဲ့ရပြီး ဝစ်လစ်စလစ် အနေအထားနဲ့ ကြိုးတုပ်လျက်သား သေဆုံးနေတာကို တွေ့ရှိခဲ့ရတာပါ။
ဒီအဖြစ်အပျက်ဟာ လူမှုကွန်ရက်စာမျက်နှာတွေပေါ်မှာလည်း ပျံ့နှံ့ခဲ့ပြီးနောက် ပြစ်မှုကျူးလွန်တယ်လို့ သံသယရှိတဲ့ အဲဒီအမျိုးသားကို ရဲတွေက ရှာဖွေခဲ့ကြတာပါ။
အဆောက်အအုံတွင်း နေထိုင်ကြတဲ့ မျက်မြင်တွေ့ရှိသူတွေကတော့ မိန်းကလေးဟာ ဇွန်လ ၂၅ ရက် နေ့လယ်ပိုင်းမှာ အမျိုးသားတဦးရဲ့ ဆိုင်ကယ်နဲ့ ပြန်လာခဲ့တယ်လို့ ထွက်ဆိုခဲ့ကြပြီး သူတို့အနေနဲ့ အဲဒီအမျိုးသားကို မိန်းကလေးရဲ့ချစ်သူလို့ ယူဆနေကြကာ လူသတ်တရားခံ ဖြစ်တယ်လို့ ပြောခဲ့ကြတာပါ။
အဲဒီအမျိုးသားဟာ ခွဲစိတ်ခန်းသုံး မျက်နှာဖုံးတခုကို တပ်ဆင်ထားတာ တွေ့ရှိခဲ့ကြပြီး မျက်နှာကိုလည်း ဖုံးကွယ်ထားခဲ့တယ်လို့ သူတို့က ပြောပါတယ်။
ရဲတွေဟာ သူ့ကို နေရာအနှံ့ ရှာဖွေခဲ့ကြပြီး နောက်ဆုံးမှာတော့ ရွိုင်ယော့တ်ခရိုင်ထဲရှိ အိမ်တအိမ်ရှေ့မှာ ထိုင်နေတာကို တွေ့ခဲ့ရပြီး ဝင်ရောက်ဖမ်းဆီးဖို့ ကြိုးစားခဲ့တာပါ။
ဒါပေမယ့် ဂျီးပ် ပါသလွန် အမည်ရတဲ့ အဲဒီအမျိုးသားက အလွယ်တကူ ဖမ်းဆီးမခံခဲ့ဘဲ အခန်းတွင်းပြေးဝင်ခဲ့ကာ တံခါးကို ပိတ်ထားခဲ့တာပါ။
သူ့ရဲ့ဇနီးဖြစ်သူက ဖျောင်းဖျပြောဆိုပေမယ့် ဘယ်လိုမှမရခဲ့ဘဲ အခန်းထဲကနေ ထွက်မလာဘဲ ရှိနေချိန်မှာ ရဲတွေက တံခါးကိုဖျက်ပြီး ဝင်ရောက်ခဲ့ကြပါတယ်။
အခန်းတွင်းမှာတော့ သူဟာ အဆိပ်သောက်ထားခဲ့ပြီး ကြမ်းပြင်ပေါ်မှာ ဒဏ်ရာတွေနဲ့ လူးလှိမ့်နေတာကို တွေ့ရှိခဲ့ကြပါတယ်။
လက်ရှိမှာတော့ သူ့ကို အနီးနား ဆေးရုံတရုံဆီ ပို့ဆောင်ထားခဲ့ရပြီး အခြေအနေ အသေးစိတ်ကိုတော့ မသိနိုင်သေးဘူးလို့ ဘန်ကောက်ပို့စ်သတင်းမှာ ဖော်ပြပါတယ်။