Home
မြန်မာသတင်း
ပေါက်တောတွင် ၁ သောင်းတန်ငွေစက္ကူအတု သုံးစွဲသူ ၅ ဦးကို ဖမ်းဆီး
DVB
·
June 30, 2017
ရခိုင်ပြည်နယ်၊ ပေါက်တောမြို့နယ်၊ ကန်ချောင်းကျေးရွာမှာ ၁ သောင်းတန် ငွေစက္ကူ အတုတွေ သုံးစွဲနေတဲ့သူ ၅ ဦးကို ဖမ်းဆီးရရှိခဲ့တယ်လို့ ပေါက်တောမြို့ရဲစခန်းက ဒီဗွီဘီကို ပြောပါတယ်။ ဇွန် ၂၉ ရက်နေ့ ညနေပိုင်းက ပေါက်တောမြို့နယ်၊ ကန်ချောင်းကျေးရွာမှာ ဒေသခံမဟုတ်သူအချို့က ကျေးရွာရဲ့ ဈေးဆိုင်တွေမှာ ၁ သောင်းတန်ငွေစက္ကူအတုတွေနဲ့ ဈေးဝယ်စဉ်မှာ ဈေးဆိုင်ပိုင်ရှင်ဖြစ်သူ မသင်္ကာလို့ ကျေးရွာအုပ်ချုပ်ရေးမှူးဆီကို သွားရောက် တိုင်တန်းခဲ့တာပါ။ ကျေးရွာအုပ်ချုပ်ရေးမှူးက ပေါက်တောမြို့ရဲစခန်းကိုတိုင်းတန်းခဲ့လို့ ငွေစက္ကူအတုသုံးစွဲနေသူ ၅ ဦးကို ဖမ်းဆီးနိုင်ခဲ့တယ်လို့ ပေါက်တောမြို့မရဲစခန်းမှူး ဦးသန်းဌေးက ဒီဗွီဘီကိုပြောပါတယ်။ “သူတို့တွေ ရွာက ဈေးဆိုင်မှာ အဲဒီငွေစက္ကူအတုတွေနဲ့ဈေးဝယ်တယ်။ ၁ သောင်းတန်ကို ၃၀၀ ရာဖို့လောက် ဝယ်တာ။ အဲ့ဒီမှာ ဈေးပိုင်ရှင်က ဒီပိုက်ဆံကအတု။ မရဘူးဆိုပြီး ပြောကြတယ်။ အဲ့ဒီမှာအငြင်းပွားတယ်။ အဲ့ဒီမှာ ဈေးဆိုင်ပိုင်ရှင်က သူတို့တွေကို မသင်္ကာလို့ အုပ်ချုပ်ရေးမှူးကို သွားရောက်တိုင်လိုက်တယ်။ ကျနော်တို့ ရဲတပ်ဖွဲ့ဝင်တွေ ရောက်သွားတယ်။ သူတို့ကို ကျနော်တို့ သေချာစိစစ်လိုက်တော့ ငွေစက္ကူအတု ၁ သောင်တန်အားလုံး (၁၂၀၀၀၀) တွေ့တယ်။ ငွေစက္ကူသုံးစွဲသူ ၅ ယောက်ကို ကျနော်တို့ ဖမ်းဆီးထားပါတယ်။” ငွေစက္ကူအတုသုံးစွဲနေသူတွေဟာ အဲဒီရွာကန်ချောင်းကျေးရွာက ဒေသခံတွေမဟုတ်ဘဲ ရန်ကုန်၊ ရွှေပေါက်ကံက ၂ ဦး၊ ပေါက်တောမြို့နယ်၊ ဗျိုင်းသစ်အုပ်စု၊ ကြံခင်းရွာက ၂ ဦး၊ ပေါက်တောမြို့နယ်၊ င/ပြီတက်ကျေးရွာကတဦး၊ တို့ဖြစ်ကြပြီး သူတို့တွေက ဆွေမျိုးသားချင်းတွေလို့ စခန်းမှူးက ဆက်လက်ပြောပါတယ်။ ငွေစက္ကူအတုသုံးစွဲနေသူ ၅ ဦးထဲမှ ၂ ဦးက ဒီငွေစက္ကူအတုတွေကို ရန်ကုန်-ရွှေပေါက်ကံက သယ်ဆောင်လာတာဖြစ်ပြီး ရခိုင်ပြည်နယ်၊ ပေါက်တောမြို့နယ်၊ ကြံခင်းကျေးရွာရောက်နေတာ တပတ်သာရှိသေးတယ်လို့ ဆိုပါတယ်။ “သူတို့လင်းမယားနှစ်ယောက်က ရခိုင်ကိုရောက်နေတာ တပတ်ပဲရှိသေးတယ်။ ဒီပိုက်ဆံတွေကို ဘယ်ကရတယ် ဆိုတာကို ကျနော်တို့ စစ်တဲ့အခါမှာ သူတို့ရဲ့ထွက်ဆိုချက်က အဲ့ဒီမှာ ဇော်ဝင်းထွဋ် ဆိုတဲ့သူက ရန်ကုန်- ရွှေပေါက်ကံ ကပါ။ သူ့ရဲ့မိန်းမ ဒေါ်လှခင်သိန်းဆိုတဲ့ မိန်းကလေးက ရခိုင်ကပေါ့။ ရန်ကုန်မှာနေတာ။ အဲဒီမှာ ဒေါ်လှခင်သိန်းဆိုတဲ့ မိန်းမဆီကနေ သူမနဲ့ရင်းနှီးတဲ့ ကိုချေဆိုသူက လက်ကောက်နှစ်ကွင်းကို ဌားခဲ့တယ်လို့ ပြောတယ်။ အဲဒီမှာ ကိုချေဆိုသူက လက်ကောက်နှစ်ကွင်းကို ပြန်မပေးနိုင်လို့ လက်ကောက် နှစ်ကွင်းရဲ့တန်းဖိုး ငွေ ၅ သိန်းကို ပေးခဲ့တယ်လို့ ထွက်ဆိုတယ်။ အဲဒီငွေတွေ ၅ သိန်းထဲမှာ ၃ သုံးလောက်ကတော့ ရန်ကုန်မှာမှာသုံးလို့ ကုန်ခဲ့တယ်လို့ ပြောတယ်။” ငွေစက္ကူအတုသုံးစွဲခဲ့တဲ့ ဇော်ဝင်းထွဋ်၊ ဒေါ်လှခင်သိန်း၊ ဒေါ်ကြည်မေ၊ မလှမောင်သိန်းနဲ့ ကျော်နိုင်ဝင်း တို့ကို (ပ)၈၁/၂၀၁၇/ဗဟိုဘဏ်ဥပဒေပုဒ်မ-၁၀၅/၁၀၆ အဖွင့်အရေးယူ ဆောင်ရွက်နေတယ်လို့ ပေါက်တောရဲစခန်းက ဒီဗွီဘီကို ပြောပါတယ်။ သတင်း၊ဓာတ်ပုံ-ဝဏ္ဏခွာညို
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024