အာဆီယံကို ရွေးကောက်ပွဲစောင့်ကြည့်ခွင့်ပြုရန် မြန်မာစဉ်းစားနေ
ပီတာအောင်
·
February 21, 2012
လာမယ့် ဧပြီ ၁ ရက် ကျင်းပမယ့် ကြားဖြတ်ရွေးကောက်ပွဲမှာ အရှေ့တောင်အာရှနိုင်ငံများအသင်း (အာဆီယံ) က လေ့လာသူတွေကို စောင့်ကြည့်ခွင့်ပြုဖို့ စဉ်းစားနေတယ်လို့ မြန်မာသမ္မတက ပြောကြားလိုက်ပါတယ်။
[caption id="attachment_21525" align="alignleft" width="310" caption="မစ္စတာ ဆူရင်ပစ်ဆူဝမ် နှင့် သမ္မတ ဦးသိန်းစိန်"][/caption]
မြန်မာနိုင်ငံ ရောက်ရှိနေတဲ့ အာဆီယံ အတွင်းရေးမှူးချုပ် မစ္စတာ ဆူရင်ပစ်ဆူဝမ် နဲ့ သမ္မတ ဦးသိန်းစိန်တို့ နေပြည်တော်မှာ မနေ့က တွေ့ဆုံရာမှာ ပြောဆိုလိုက်တာလို့ အာဆီယံအဖွဲ့က ကြေညာပါတယ်။
သမ္မတဦးသိန်းစိန်က ဧပြီလ ကြားဖြတ်ရွေးကောက်ပွဲ ကာလအတွင်းမှာ အာဆီယံနဲ့ အာဆီယံ အတွင်းရေးမှူးချုပ်ရုံးက လေ့လာစောင့်ကြည့်သူတွေကို ခွင့်ပြုဖို့  အလေးအနက်ထား စဉ်းစားမယ်လို့ ပြောကြားခဲ့တဲ့အကြောင်း အာဆီယံ ကြေညာချက်မှာ ဖော်ပြပါတယ်။
ဒီလို ရွေးကောက်ပွဲ စောင့်ကြည့်သူတွေကို လက်ခံခြင်းအားဖြင့် ပွင့်လင်းမြင်သာမှုကို တိုးမြှင့်ရာ ရောက်မယ်လို့ နှစ်ဖက်ခေါင်းဆာင်တွေ သဘောတူခဲ့ကြတယ်လို့လည်း ဆိုပါတယ်။
ဦးသိန်းစိန်က အလုပ်အကိုင်တွေ ဖန်တီးပေးရေးဟာ သူ့ရဲ့ ပထမ ဦးစားပေး လုပ်ငန်းဖြစ်တဲ့ အကြောင်း၊ အလုပ်အကိုင်တွေ တတ်နိုင်သလောက် ဖန်တီးပေးချင်တဲ့ အကြောင်း၊ ဒါမှ မြန်မာအလုပ်သမားတွေ ကိုယ့်နိုင်ငံမှာ အလုပ် လုပ်ကိုင်နိုင်ပြီး အိမ်နီးချင်း ထိုင်းနဲ့ မလေးရှားတို့လို နိုင်ငံတွေအပေါ် ၀န်ထုပ်ဝန်ပိုး လျော့ချနိုင်မှာ ဖြစ်တယ်လို့ ပြောပါတယ်။
မြန်မာ့လူဦးရေဟာ သန်း ၆၀ ရှိပြီး၊ လာမယ့် နှစ် ၂၀ မှာ သန်း ၁၀၀ လောက် ရှိလာမှာ ဖြစ်တဲ့အတွက် ဧရာဝတီမြစ်ဝကျွန်းပေါ် ဒေသမှာ ဆန်စပါး စိုက်ပျိုးထုတ်လုပ်မှု တိုးတက်ဖွံ့ဖြိုးအောင်လုပ်ဖို့ မျှော်မှန်းထားတယ်လို့လည်း ဦးသိန်းစိန်က ပြောကြားခဲ့တယ်လို့ ဆိုပါတယ်။
ဆူရင်ပစ်ဆူဝမ်ဟာ နိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင်ရဲ့ ဖိတ်ကြားချက် အရ မြန်မာနိုင်ငံမှာ ၄ ရက်ကြာ အထူး ခရီးစဉ်အဖြစ် ရောက်ရှိနေတာပါ။ နေပြည်တော်မှာ မနေ့က မြန်မာ သမ္မတ ဦးသိန်းစိန်၊ ပြန်ကြားရေးဝန်ကြီး ဦးကျော်ဆန်းတို့ အပါအ၀င် အဆင့်မြင့် မြန်မာအစိုးရ ပြည်ထောင်စုဝန်ကြီးတွေနဲ့ တွေ့ဆုံခဲ့ပါတယ်။
ပြန်ကြားရေးဝန်ကြီး ဦးကျော်ဆန်းကတော့ မြန်မာနိုင်ငံဟာ နောက်ကြောင်းပြန်လှည့်မှာ မဟုတ်ဘဲ ရှေ့ကိုဆက်သွားမှာဖြစ်တယ်လို့ မစ္စတာ ဆူရင်ပစ်ဆူဝမ်ကို ပြောကြားခဲ့တယ်လို့  ဆိုပါတယ်။
အာဆီယံ အတွင်းရေးမှူးချုပ်ဟာ သူ့ရဲ့မြန်မာနိုင်ငံ ခရီးစဉ်အတွင်း နိုင်ငံခြားရေးဌာနက တာဝန်ရှိသူတွေနဲ့ ဆွေးနွေးမှုတွေ ပြုလုပ်ဖို့ရှိပြီး နာဂစ်မုန်တိုင်း ဒဏ်ခံခဲ့ရတဲ့ ဧရာဝတီတိုင်းက ဒေသတွေကို သွားရောက်ကာ မုန်တိုင်းဘေး ပြန်လည်ထူထောင်ရေး အခြေအနေတွေကို လေ့လာမယ်လို့ သိရပါတယ်။ ဒါ့အပြင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့လည်း တွေ့ဆုံဖို့ ရှိနေပါတယ်။