A d v e r t i s e m e n t With Us

ဆီးရီးယားမြို့တော် ဗုံးကျဲခံရပြီးနောက် အပျက်အစီးကြား ပိတ်မိနေသည့် ကလေး ၂ ဦးကို ကယ်တင် (ရုပ်သံ)

ဆီးရီးယားနိုင်ငံ ဒမတ်စကပ်စ်မြို့တော်မှာ ဇွန်လ ၂၇ ရက်နေ့က ဆီးရီးယားတပ်တွေ နေရာသုံးနေရာကို ဗုံးကြဲချပြီးနောက် မြေပြင်တဝှမ်းမှာ ပြင်းထန်တဲ့ ပေါက်ကွဲမှုတွေ ဖြစ်သွားတဲ့ ရုပ်သံကို ဒရုန်းကနေ ရိုက်ကူးမိပြီး အပျက်အစီးပုံတွေထဲမှ ကလေး ၂ ဦးကို ခက်ခက်ခဲခဲ ဆွဲထုတ် ကယ်တင်ခဲ့ရတယ်လို့ ဒေးလီးမေးလ်သတင်းမှာ ဖော်ပြထားပါတယ်။ ရုပ်သံမြင်ကွင်းထဲမှာ ဆီးရီးယားတပ်တွေက စစ်သွေးကြွ အကြမ်းဖက်တွေလို့ သတ်မှတ်တဲ့နေရာကို ပစ်မှတ်ထား ဗုံးကြဲခဲ့တာပါ။ ဒရုန်းယာဉ်က ရိုက်ကူးမိတဲ့ ရုပ်သံမြင်ကွင်းထဲမှာ ဆီးရီးယားအာရပ်စစ်တပ် (အက်စ်အေအေ) က ဒမတ်စကပ်စ် အရှေ့ဘက်ဒေသပေါ်ကို ဗုံးကြဲခဲ့လို့ ပေါက်ကွဲမှုကြီးကနေ မီးခိုးလှိုင်းလုံးကြီးတွေကို မြင်ရတာပါ။ ဒုတိယ ဗွီဒီယိုရုပ်သံ မြင်ကွင်းထဲမှာတော့ ပေါက်ကွဲမှုကြောင့် အပျက်အစီးကြား ပိတ်မိနေတဲ့ အပြစ်မဲ့ ကလေး ၂ ဦးကို ကယ်တင်နေတာ တွေ့ရပြီး မြေပြင်ပေါ်က ဝရုန်းသုန်းကားဖြစ်နေတာတွေ၊ ပတ်လည်ဝန်းရံပြီး ကျိုးပဲ့နေတဲ့ ကွန်ကရစ်တုံးတွေအောက် သွေးသံတရဲရဲနဲ့ ကြောက်လန့်နေတဲ့ ကလေးတွေ ပိတ်မိနေတာတွေကို တွေ့ရပါတယ်။ ဒီရုပ်သံ မြင်ကွင်းကလည်း ဒမတ်စကပ်စ်မှာဖြစ်ခဲ့တဲ့ ဗုံးကြဲမှုတွေထဲက တခုဖြစ်ပြီး ဒီရုပ်သံက အရှေ့အလယ်ပိုင်း စစ်မြေပြင်နေရာမှာ နေထိုင်တဲ့ လူတွေရဲ့ တကယ်တွေ့ကြုံနေရတဲ့ ထိတ်လန့်မှုတွေကို ပြသနေတာပါ။ ရုပ်သံရဲ့အစမှာ ထိတ်လန့်တုန်လှုပ်နေတဲ့ အမျိုးသမီးတဦးက အဆောက်အအုံထဲကို ပြေးလာတဲ့ အမျိုးသားတွေကို အတွင်းဘက်ကို ဦးဆောင် ခေါ်သွားပါတယ်။ ပြေးလာတဲ့လူတွေက အသက် ၉ နှစ်၊ ၁၀ နှစ်ဝန်းကျင်လောက်ရှိတဲ့ ကလေး ၂ ဦး အပျက်အစီးပုံတွေထဲ ခါးလောက်ထိမြုပ်ပြီး ပိတ်မိနေတဲ့ မြင်ကွင်းကို စတွေ့တာပါ။ ကလေး ၂ ဦးဟာ သွေးသံရဲရဲမျက်နှာတွေနဲ့ ထိတ်လန့်နေပြီး ကြောက်လွန်းလို့ မလှုပ်နိုင်တော့တဲ့အထိ ဖြစ်နေတာ တွေ့ရပါတယ်။ ကယ်ဆယ်တဲ့သူတွေက ကလေးတွေ ညပ်မိနေတဲ့ အပေါက်ကြီးထဲ ပြုတ်ကျနေတဲ့ ကျောက်တုံးတွေနဲ့ ကွန်ကရစ်တုံး အကျိုးအပဲ့တွေကို စိုးရိမ်တကြီး အမြန်ဖယ်ရှားပြီး ကလေးတွေကို တယောက်ပြီးတယောက် ဆွဲထုတ် ကယ်တင်ခဲ့ရပါတယ်။ ဒီနောက် ကလေးတွေကို ဗုံးဒဏ်ကြောင့် အပျက်အစီးတွေ အပြည့်ဖြစ်နေတဲ့ လမ်းလယ်က ကားဆီ ခေါ်ဆောင်သွားတာ ရုပ်သံဖိုင်ထဲမှာ တွေ့ရပါတယ်။

A d v e r t i s e m e n t With Us

More News
Up