A d v e r t i s e m e n t With Us

ကံကောင်းစေဖို့ လေယာဉ်အင်ဂျင်ထဲ အကြွေစေ့ပစ်ထည့်သည့် အဘွားအိုကို တရားမစွဲဟု ရဲပြော

သက်ကြီးရွယ်အို အဘွားတဦးက ကံကောင်းဖို့ လေယာဉ်အင်ဂျင်စက်ထဲ ငွေအကြွေစေ့တွေ ပစ်ထည့်ခဲ့လို့ လေယာဉ် ၅ နာရီကြာ နောက်ကျခဲ့ရသလို ယွမ်သန်းနဲ့ချီပြီး ပျက်စီးဆုံးရှုံးခဲ့ရပေမယ့် အဘွားကို တရားစွဲဆိုမှာ မဟုတ်ဘူးလို့ ရဲကပြောကြောင်း ရှန်ဟိုင်းရစ်စ်သတင်းမှာ ဇွန်လ ၂၈ ရက်နေ့က ရေးထားပါတယ်။ China Southern လေယာဉ်လိုင်းပိုင် လေယာဉ်က ရှန်ဟိုင်း ပူဒေါင်း အပြည်ပြည်ဆိုင်ရာ လေဆိပ်ကနေ ဂွမ်ဂျိုးလေဆိပ်ကို ထွက်ခွာဖို့ ဇွန်လ ၂၇ ရက်နေ့ နေ့လယ်မှာ ပြင်နေချိန် အသက် ၈၀ အရွယ် Qiu လို့ မျိုးရိုးအမည်ရတဲ့ အဘွားက လေယာဉ်အင်ဂျင်စက်ထဲ အကြွေစေ့တွေ ပစ်ထည့်ခဲ့တာကို တွေ့ခဲ့ကြတာပါ။ အဘွားက “လေယာဉ်ခရီး အန္တရာယ်ကင်းကင်း ပျံသန်းနိုင်ဖို့” ဆုတောင်းရင်း ဒီလိုအကြွေစေ့တွေ ထည့်ခဲ့တာလို့ အခြားခရီးသည်တွေက ပြောပါတယ်။ အဲဒီနောက် လေယာဉ်ဝန်ထမ်းတွေက အင်ဂျင်ထဲက အကြွေစေ့တွေကို ရှာဖွေဆွဲထုတ်ဖို့ နာရီများစွာ ကြာခဲ့ပြီး အင်ဂျင်စက်နားမှာ ပြန့်ကျဲနေတဲ့ အကြွေစေ့ ၈ စေ့နဲ့ စက်အတွင်းမှာ အကြွေစေ့တစေ့ကို ရှာတွေခဲ့ပါတယ်။ အကယ်၍ ဒီလိုသာ ရှာမတွေ့ခဲ့ရင် လေယာဉ်ပျံသန်းနေစဉ် အကြီးအကျယ် ပျက်စီးဆုံးရှုံးနိုင်ပြီး ပျက်စီးမှုတန်ဖိုးကလည်း ယွမ် ၁ ဒသမ ၇ သန်းလောက်အထိ ဖြစ်သွားနိုင်တယ်လို့ သိရပါတယ်။ အဘွားကိုတော့ ရှန်ဟိုင်းမှာ ရဲတွေက ထိန်းသိမ်းထားပြီး ကျန်တဲ့ခရီးသည်တွေက ထွက်ခွာသွားကာ နာရီအနည်းငယ်အကြာမှာ ဂွမ်ဂျိုးကို အန္တရာယ်ကင်းကင်း ရောက်ခဲ့ပါတယ်။ လေယာဉ်လိုင်းအနေနဲ့ လေယာဉ် နောက်ကျတာရဲ့ ခန့်မှန်းခြေကုန်ကျစရိတ်ကတော့ ယွမ် ၁ သန်းလောက် ရှိတယ်လို့ လေယာဉ်ဝန်ထမ်းတဦးက ပြောပါတယ်။ ပြဿနာဖြစ်ခဲ့ပေမယ့် အဘွားက အသက် ၇၀ ကျော်နေလို့ အဘွားကို ဘာပုဒ်မနဲ့မှ တရားစွဲဆိုမှာ မဟုတ်ဘူးလို့ ရဲတွေက ပြောလိုက်ပါတယ်။ အဘွားမှာ စိတ်ရောဂါနဲ့ အခြားရာဇဝတ်မှု မှတ်တမ်းလည်း မရှိဘူးလို့ ဆိုပါတယ်။

A d v e r t i s e m e n t With Us

More News
Up