Home
မြန်မာသတင်း
ညောင်နှစ်ပင် မြေနေရာကို မြို့ပြဖွံ့ဖြိုးရေးစီမံကိန်း လုပ်မည်
နေဖြိုးဝင်း
·
June 29, 2017
  ရန်ကုန်တိုင်းဒေသကြီး လှည်းကူးမြို့နယ် ညောင်နှစ်ပင်ဒေသတဝိုက်ရှိ ဇုန်တွေအနက် ဇုန် ၃ ဧရိယာအတွင်း ပါရှိတဲ့ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေ ဖြစ်ပေါ်ခဲ့တဲ့ ညောင်နှစ်ပင် အဆောက်အအုံမြေနေရာကို မြို့ပြဖွံ့ဖြိုးရေး စီမံကိန်းအတွက် အသုံးပြုသွားမယ်လို့ ဆောက်လုပ်ရေးဒုဝန်ကြီးက ပြောပါတယ်။ ဇွန်လ ၂၉ ရက်နေ့ အမျိုးသားလွှတ်တော်အစည်းအဝေးမှာ ကချင်ပြည်နယ်မဲဆန္ဒနယ်က ဒေါက်တာခွန်ဝင်းသောင်း မေးမြန်းတဲ့ ရန်ကုန်တိုင်းဒေသကြီး လှည်းကူးမြို့နယ် ညောင်နှစ်ပင်ဒေသတဝိုက်ရှိ ဇုန်တွေအနက် ဇုန် ၃ ဧရိယာအတွင်း ပါရှိတဲ့ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေ ဖြစ်ပေါ်ခဲ့တဲ့ အဆောက်အအုံမြေနေရာကို အကျိုးရှိအောင် မည်သို့ ဆောင်ရွက်မည်ကို သိရှိလိုကြောင်း မေးခွန်းနဲ့ပတ်သက်ပြီး ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဦးကျော်လင်းက ပြန်လည် ဖြေဆိုခဲ့တာပါ။ ညောင်နှစ်ပင်သင်တန်းကျောင်း မြေဧရိယာ ၆၀၀ ဧကခန့်မှာ ရန်ကုန်မြို့တော် ဖွံ့ဖြိုးရေးအတွက် အထောက်အကူဖြစ်စေဖို့ အကျိုးရှိတဲ့ မြို့မြေအသုံးပြုမှုဖြစ်စေဖို့ မြို့ပြဖွံ့ဖြိုးရေးစီမံကိန်း သဘောထားပုံစံ (Conceptual Plan) တွေ လေ့လာရေးဆွဲထားပြီး အကောင်အထည်ဖော် ဆောင်ရွက်သွားမယ်လို့ ဆိုပါတယ်။ “အကောင်အထည်ဖော် ဆောင်ရွက်မယ့် စီမံကိန်းတွေမှာ စက်မှုလုပ်ငန်းဧရိယာ၊ သုတေသနနဲ့ ဖွံ့ဖြိုးရေးစင်တာ၊ သင်တန်းကျောင်း၊ အိမ်ရာနဲ့ စီးပွားရေးဆိုင်ရာ အဆောက်အအုံတွေ စသဖြင့် ပါဝင်မှာ ဖြစ်ပါတယ်။ စီမံကိန်းရဲ့ ဖြစ်တန်စွမ်းအခြေအနေ အသေးစိတ် လေ့လာရေးအတွက် အစိုးရရဲ့ ခွင့်ပြုချက်နဲ့ ကိုရီးယားအစိုးရရဲ့ Land & Housing Corporation နဲ့ စတင်ဆောင်ရွက်ဖို့ စီမံထားပြီးဖြစ်ပါတယ်” လို့ ဦးကျော်လင်းက ပြောပါတယ်။ ဒီစီမံကိန်းဆောင်ရွက်ခြင်းဖြင့် ရန်ကုန်တိုင်းဒေသကြီး ဖွံ့ဖြိုးတိုးတက်ရေးကို အထောက်အကူ ပြုနိုင်သလို အလုပ်အကိုင်အခွင့်အလမ်းတွေ ရလာပြီး နိုင်ငံအတွက် အခွန်ဘဏ္ဍာတွေ ရရှိလာနိုင်မယ်လို့ ဆိုပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024