Home
မြန်မာသတင်း
နမ္မတီးဈေးတွင် ဈေးစည်ပင် ငွေတိုးမြှင့်ကောက်ခံ
DVB
·
February 21, 2012
ကချင်ပြည်နယ် မိုးကောင်းမြို့နယ် နမ္မတီးဈေးမှာ စည်ပင်သာယာက ပျံကျဈေးသည်တွေ ဆီကနေ ဈေးကောက်တွေကို ၂ ခါ ကောက်ခံနေပါတယ်။ အဲဒီလို ကောက်ခံနေတဲ့အပြင် ဈေးအတွင်းမှာ ရောင်းချနေတဲ့ မှတ်ပုံတင် ဆိုင်ခန်းခတွေကိုလည်း တိုးမြှင့်ကောက်ခံတယ်လို့  ကြားဖြတ်ရွေးကောက်ပွဲမှာ ၀င်အရွေးခံမယ့် အမျိုးသားဒီမိုကရေစီအင်အားစုပါတီ ကိုယ်စားပြု မိုကောင်းမြို့နယ် အမတ် ဦးမြတ်မိုးမြင့်က ပြောပါတယ်။ ဈေးအတွင်း မှတ်ပုံတင် ဆိုင်ခန်းခတွေကိုလည်း ဒီနှစ်မှာ နှစ်စဉ်ကြေး ၅,၅၀၀ နဲ့ လစဉ်ကြေး ၂,၆၀၀ ကျပ် တိုးမြှင့်ကောက်ခံလို့ ဈေးသူဈေးသားတွေနဲ့ ပြဿနာဖြစ်ကြတယ်လို့ ဆိုပါတယ်။ အရင်နှစ်က နှစ်စဉ်ကြေး ၂,၀၀၀ ကျပ်နဲ့ လစဉ်ကြေး ၁,၀၀၀ ကျပ်သာ ကောက်ခံခဲ့တယ်လို့ ဦးမြတ်မိုးမြင့်က ပြောပါတယ်။ “ဈေးသူဈေးသားတွေက မပေးချင်ကြတော့ ဈေးရုံးမှာ ဈေးတာဝန်ခံနဲ့ သွားပြောတယ်။ ဈေးတာဝန်ခံက ဘာဖြစ်တယ်၊ ညာဖြစ်တယ်၊ မင်းတို့ တိုင်ချင်တဲ့ နေရာတိုင်....၊ ဈေးသူဈေးသားတွေက လျှော့ပေးဖို့၊ ဘာကြောင့် အဲဒီလောက်အထိ ဈေးတွေတက်သွားရတာလဲ အဲဒီလိုမျိုးတွေ သွားမေးတဲ့အခါမှာ နည်းနည်းလေး ပြဿနာဖြစ်တာ ရှိတယ်။ ဈေးအရာရှိ ဦးဝင်းနိုင် လက်မှတ်ထိုးပြီးမှ  စာနဲ့ထုတ်တာ တွေ့ရတယ်။ စာကို ဖတ်ကြည့်တဲ့အခါမှာ ဈေးအရာရှိ နာမည်က ဦးဝင်းနိုင်လို့ ရေးထားပါတယ်။” စည်ပင်သာယာက ပျံကျဈေးသည်တွေကိုလည်း ဈေးကောက်ခ ၁၀၀ ကျပ် အပြင် ဈေးသန့်ရှင်းရေးဆိုပြီး နောက်ထပ် ၁၀၀ ထပ်မံ ကောက်ခံနေတဲ့အတွက် ပျံကျဈေးသည်တွေ အခက်အခဲဖြစ်ရတယ်လို့ ဦးမြတ်မိုးမြင့်က ပြောပါတယ်။ နေ့စဉ် ရာနဲ့ချီတဲ့ ပျံကျဈေးသည်တွေဟာ လမ်းဘေးမှာ ရောင်းချတဲ့အတွက် တချို့အိမ်ရှင်တွေကလည်း ထပ်ကောက်တာတွေလည်း ရှိနေတယ်လို့ ဆိုပါတယ်။ “တောမှာ ပေါက်တဲ့ အရွက်ကလေးတွေပေါ့။ လယ်တောက ပေါက်တဲ့ဟာမျိုးလည်း ဘယ်သူလာရောင်းရောင်း ၂၀၀ ပဲ။ ၂ ကြိမ်ကောက်တာကိုး။ အဲဒီလို တိုင်လိုက်ရင် အိမ်ရှင်က မောင်းထုတ်မှာတို့၊ နောက်တခါ ဒီဈေးဝန်ထမ်းတွေက မင်းတို့မရောင်းနဲ့ အထဲမှာရောင်း ဆိုပြီးတော့ ပိတ်လာမှာတို့ကို ကြောက်ကြတာပေါ့ဗျာ။ အဲဒီမှာ ရောင်းတော့။ ဘာပဲပြောပြော ၁,၀၀၀ ဆိုရင်တော့ ၅၀၀ တော့ ရသေးတာပေါ့။ သူတို့အတွက် ဘေးကနေ ကြည့်ရတဲ့ အနေနဲ့တော့ ဒါ မတရားမှု တခုပဲလို့ ကျနော် မြင်တာပဲ။” နမ္မတီးစည်ပင်သာယာကို ဖုန်းနဲ့ ဆက်သွယ်ဖို့ ကြိုးစားခဲ့ပေမယ့် မရပါဘူး။ ကချင်ပြည်နယ်မှာ မိုးကောင်းဈေးပြီးရင် နမ္မတီးဈေးဟာ ဒုတိယ အကြီးဆုံးဖြစ်ပြီး ပတ်ဝန်းကျင်ကျေးရွာက ရွာသူရွာသားတွေက သူတို့ရဲ့ ခြံထွက် ကုန်ပစ္စည်းတွေကိုလည်း လာရောက် ရောင်းချနေကြတာ ဖြစ်ပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024