A d v e r t i s e m e n t With Us

မွန်ပြည်သစ်ပါတီ အပစ်အခတ်ရပ်ရန် သဘောတူ

မွန်ပြည်သစ်ပါတီက ပြည်နယ်အဆင့် ငြိမ်းချမ်းရေး ကိုယ်စားလှယ်အဖွဲ့တွေနဲ့ အပစ်အခတ်ရပ်စဲရေးအပါအ၀င် ပဏာမ သဘောတူညီချက် ၅ ချက်ကို အရေးပေါ် ဗဟိုကော်မတီ အစည်းအဝေးကနေ အတည်ပြုလိုက်ပြီလို့ ပါတီဗဟိုကော်မတီနဲ့ နီးစပ်သူတွေက ပြောပါတယ်။ ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေးဆွေးနွေးပွဲ ကျင်းပဖို့ လာမယ့် ၂၅ ရက် နေ့ကို ဆွေးနွေးမယ့် ရက်အဖြစ် သတ်မှတ်လိုက်ပြီး စေလွှတ်မယ့် ကိုယ်စားလှယ်အဖွဲ့ကို ရွေးချယ်လိုက်တယ်လို့        မွန်ပြည်သစ်ပါတီ ဗဟိုကော်မတီတချို့နဲ့ မေးမြန်းထားတဲ့ ဒီဗွီဘီ မွန်သတင်း အစီအစဉ်တာဝန်ခံ ကိုဗညားအောင်က ပြောပါတယ်။ “ပြီးခဲ့တဲ့ ပဏာမ သဘောတူညီချက်တွေကို မွန်ပြည်သစ်ပါတီက အဲဒါကို ဒီမှာ အတည်ပြုလိုက်ပြီ။ လက်ခံပြီးတော့ သူတို့ ဒီမြန်မာအစိုးရနဲ့ အဆက်အသွယ် ပြန်လုပ်တယ်။ ၂၅ ရက်နေ့လောက်မှာ ပြန်တွေ့ကြဦးမယ်လို့ ပြောတယ်။ ပြည်ထောင်စု အဆင့်နဲ့ကို ဆက်ဆွေးနွေးမယ်။” မွန်ပြည်သစ်ပါတီ ဗဟိုကော်မတီ အရေးပေါ် အစည်းအဝေးကို ၁၈ ရက်နေ့က စတင် ကျင်းပခဲ့တာဖြစ်ပြီး ဒီကနေ့ အဆုံးသတ်မှာ ဖြစ်ပါတယ်။ မွန်ပြည်သစ်ပါတီနဲ့ ပြည်နယ်အဆင့် ငြိမ်းချမ်းရေးဖော်ဆောင်ရေးအဖွဲ့တို့ကြား ဖေဖော်ဝါရီ ၁ ရက်နေ့ မော်လမြိုင်မြို့ တွေ့ဆုံရာမှာ အပစ်အခတ် ရပ်စဲရေး အပါအ၀င် အချက် ၅ချက်ကို ပဏာမ သဘောတူညီချက် ရခဲ့ပါတယ်။  အဲဒီ သဘောတူညီချက်ကို အခုကျင်းပတဲ့ ဗဟိုကော်မတီ အထူးအစည်းအဝေးမှာ အတည်ပြုလိုက်ကြတာ ဖြစ်ပါတယ်။ ပဏာမသ ​ဘောတူတာက​တော့​ နှစ်ဖက် အပစ်အခတ် ရပ်စဲဖို့ရယ်၊​    ပြည်​ထောင်စုအဆင့်​ ဆွေးနွေးဖို့​အတွက် ကိုယ်စား​လှယ် အမည်စာရင်း​၊​ ရက်၊​ ​နေရာ ညှိနှိုင်းဖို့ရယ်၊​ ဆက်ဆံ​ရေး​ရုံး​တွေထား​ဖို့ရယ်၊​ သတ်မှတ်တဲ့​ နေရာပဲ လက်နက်နဲ့သွားဖို့ဖြစ်ပြီး ကန့်သတ်နယ်​မြေမှာ လက်နက်နဲ့မသွား​ရဘူး​ ဆိုတာရယ်၊ နှစ်ဖက် သ​ဘောတူညီလို့ရတဲ့​ နယ်​မြေအပိုင်းအ​ခြားတွေမှာ​ ​နေ​ထိုင်​ဖို့ စတဲ့​အချက်​တွေ​ ​ဆောင်​ရွက်​ဖို့ကို သဘောတူညီခဲ့ကြတာပါ။ ၂၀၁၀ ခုနှစ် စက်တင်ဘာမှာ အပစ်အခတ်ရပ်စဲရေး ပျက်ပြယ်ပြီးတဲ့နောက် မွန်ပြည်သစ်ပါတီ အထွေထွေအတွင်းရေးမှူး နိုင်ဟံသာနဲ့ ဦးအောင်မင်းဦးဆောင်တဲ့ ပြည်ထောင်စုငြိမ်းချမ်းရေး ကိုယ်စားလှယ်တွေ ထိုင်းနိုင်ငံမှာ တွေ့ဆုံပြီး နောက်ဆက်တွဲ ရလဒ်တွေ ဖြစ်ပါတယ်။ စစ်အစိုးရ မဖျက်ခင် ပျက်ပြယ်ခဲ့ရတဲ တိုင်းရင်းသားတွေနဲ့ အပစ်အခတ်ရပ်စဲရေးကို အစိုးရသစ် လက်ထက်မှာ ပြန်အကောင်အထည် ဖော်နေပြီး  အစိုးရက ထာဝရငြိမ်းချမ်းရေးလို့ ကြွေးကြော်နေပါတယ်။ ဒါပေမယ့်  အပစ်အခတ်ရပ်ထားတဲ့ အဖွဲ့တွေအနက်  ဒီကေဘီအေ၊ ရှမ်းတပ်တွေနဲ့ လတ်တလော တိုက်ပွဲတွေ ပြန်ဖြစ်နေပါတယ်။ မွန်ပြည်သစ်ပါတီက အပစ်အခတ်ရပ်စဲရေး ရရှိသွားပြီဆိုရင် အင်အားကြီးမားတဲ့ ကချင်လွတ်လပ်ရေးတပ်မတော် တခုသာ အပစ်အခတ်ရပ်စဲရေး မလုပ်နိုင်သေးဘဲ ကျန်ရှိနေမယ့် သဘောဖြစ်ပါတယ်။ ဒီလ ၁၅ ရက်နေ့မှာ မီးရထားဝန်ကြီး ဦးအောင်မင်းက ရိုက်တာသတင်းဌာနကို သုံးလအတွင်း တနိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး ပြီးစီးမယ်လို့ ခန့်မှန်းဖြေဆိုထားပြီး လာမယ့် မတ်လ ၁ ရက်နေ့မှာ ကရင်နီ အမျိုးသားတိုးတက်ရေးပါတီ (ကေအန်ပီပီ)နဲ့ အပစ်အခတ်ရပ်စဲရေး လက်မှတ်ထိုးမယ်၊ လာမယ့် လပိုင်းအတွင်း ကချင်လွတ်လပ်ရေးတပ်မတော်နဲ့ အပစ်အခတ်ရပ်စဲရေး လက်မှတ်ထိုးနိုင်မယ်လို့ ဖြေခဲ့ပါတယ်။ တိုင်းရင်းသား ၁၂ ဖွဲ့နဲ့ စုဖွဲ့ထားတဲ့ ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ (ယူအန်အက်ဖ်စီ) အဖွဲ့ဟာ တဖွဲ့ချင်း မဆွေးနွေးဘူးလို့ မူချထားပေမယ့် လိုက်ပါလုပ်ဆောင်နိုင်ခြင်းမရှိဘဲ တဖွဲ့ချင်း အစိုးရနဲ့ တွေ့ဆုံနေတာ ဖြစ်ပါတယ်။

A d v e r t i s e m e n t With Us

More News
Up