Home
မြန်မာသတင်း
ထိုင်းအလုပ်သမားဥပဒေ ထုတ်ပြန်ပြီးနောက်  မြန်မာအလုပ်သမား ၁၀၀ ကျော် နေရပ်ပြန်
နန်းမြနဒီ
·
June 28, 2017
ထိုင်းနိုင်ငံမှာ ဇွန်လ ၂၃ ရက်နေ့ကစပြီး ဘီအီး-၂၀၁၇ အလုပ်သမားဥပဒေ ပြင်ဆင်ချက် စတင်ကျင့်သုံးဖို့ ထုတ်ပြန်လိုက်ပြီးတဲ့နောက် အထောက်အထားမရှိတဲ့ အလုပ်သမားတွေကြား စိုးရိမ်ကြောက်ရွံ့မှုတွေ ရှိနေပြီး လမ်းဖွန်းခရိုင်က အလုပ်သမား ၁၅၀ ကျော် နေရပ်ပြန်ကုန်ကြပါတယ်။ အသစ်ပြင်ဆင်ပြဋ္ဌာန်းလိုက်တဲ့ အလုပ်သမားဥပဒေထဲမှာ အထောက်အထားမရှိ၊ အလုပ်သမား မှတ်ပုံတင်ကတ်မရှိတဲ့ အလုပ်သမားကို ငှားရမ်းခန့်ထားရင်သော်လည်းကောင်း၊ အလုပ်သမားကတ်ထဲ ခွင့်ပြုထားတဲ့ အလုပ်ရှင်၊ အလုပ်အမျိုးအစား၊ လုပ်ငန်းတည်နေရာနေရာ ကွဲလွဲမှုရှိရင်သော်လည်း စစ်ဆေးတွေ့ရှိရင် အဲဒီအလုပ်ရှင်ဟာ အလုပ်သမားတဦးအတွက် ဘတ်ငွေ ၄ သိန်းမှ ၈ သိန်းထိ ဒဏ်ငွေကျခံရမယ်လို့ ပါရှိပါတယ်။ ဒါကြောင့်  အလုပ်ရှင်တွေ၊ အိမ်ငှားထားသူတွေဟာ အထောက်အထားမပြည့်စုံတဲ့ အလုပ်သမားတွေ ဆက်ပြီးမငှားရဲတော့သလို လမ်းဖွန်းခရိုင် လမ်းဖွန်းမြို့နယ်ရှိ ဆန်တွန့်ဖိန့်၊ မိုင်ကွတ်၊ ကျူဖိုင့်၊ လိမ်းလောင့်၊ ဆန်ပါဟိန်၊ မတ်ခေကျဲ့ စတဲ့ ကျေးရွာတွေမှာဆိုရင် ကျေရွာအုပ်ချုပ်ရေးမှူးတွေက လိုက်လံ အသိပေးကြေညာနေတဲ့အတွက်  လက်မှတ်မပြည့်စုံတဲ့ အလုပ်သမား ၁၅၀ ကျော် မြန်မာပြည်ပြန်ဖို့ လုပ်နေကြတာလို့ ချင်းမိုင်အခြေစိုက် အလုပ်သမားသွေးစည်းညီညွတ်ရေးအဖွဲ့ ဥက္ကဋ္ဌ စိုင်းအုမ်ခေးက ပြောပါတယ်။ “အလုပ်သမားကတ်ထဲပါတဲ့အချက်နဲ့ မကိုက်ညီတဲ့ သူတွေကို အလုပ်ရှင်ရော၊ အိမ်ခန်းငှားတဲ့သူတွေက လက်မခံတော့ဘူး။ စစ်ဆေးရေးလာမယ်ဆိုလို့ အခြေအနေ တည်ငြိမ်မှပြန်လာဖို့ ပြောတယ်။ သူတို့လည်း ဆမိုင်းမြို့နယ်ထဲ ပြောင်းသွားရော၊ ဆမိန်းမှာလည်း ပြီးခဲ့တဲ့ ရက်ပိုင်းကမှ စစ်ဆေးရေးဝင်ထားလို့ လက်မခံရဲဘူး၊ အဲဒါ နေထိုင်ဖို့ အခက်အခဲရှိနေပါတယ်။ လမ်းဖွန်းက ရွာပေါင်း လေး ငါး ခြောက်ရွာမှာကျတော့ လက်မှတ်မရှိ သူတွေ၊ အထောက်ထားမပြည့်စုံသူတွေ ၃ ရက်အတွင်း ထွက်သွားရမယ်ဆိုပြီး လော်စပီကာနဲ့ အော်ထားတယ်။ ဒါကြောင့် အလုပ်သမားပေါင်း ၁၅၀ ကျော် ရှမ်းပြည်ပြန်ဖို့ ဆုံးဖြတ်တယ်တဲ့” ရွှေ့ပြောင်းအလုပ်သမားတွေဟာ ချက်ချင်း အိမ်ပြန်ဖို့ အခက်အခဲရှိသလို အခု ထုတ်ပြန်လိုက်တဲ့ ဥပဒေဟာ အင်မတန် တင်းကျပ်တာကြောင့် ဆင်းရဲနွမ်းပါး အလုပ်သမားတွေကို ပိုမိုအခက်တွေ့စေကြောင်း၊ အလုပ်သမားတွေဟာလည်း ထိုင်းနိုင်ငံ တိုးတက်မြင့်မားရေးမှာ အထောက်အကူပြုအင်အားတွေ ဖြစ်တဲ့အတွက် ဥပဒေဖြေလျော့ပေးဖို့၊  အလုပ်သမားအရေး ဆောင်ရွက်နေတဲ့ အဖွဲ့တွေကြား တွေ့ဆုံဆွေးနွေး အဖြေရှာသင့်တယ်လို့ စိုင်းအုမ်ခေးက ပြောပါတယ်။ ထိုင်းနိုင်ငံထဲ ဝင်ရောက်လုပ်ကိုင်နေတဲ့ နိုင်ငံခြားသား ရွှေ့ပြောင်းအလုပ်သမားတွေ အနေနဲ့ တရားဥပဒေနဲ့အညီ နေထိုင်လုပ်ကိုင်တာ မရှိဘူးဆိုရင် အဲဒီအလုပ်သမားတွေကို လက်ခံငှားရမ်းတဲ့ အလုပ်ရှင်တွေရော ရွှေ့ပြောင်းအလုပ်အလုပ်သမားတွေပါ နဂိုသတ်မှတ်ထား တဲ့ ပြစ်ဒဏ်တွေထက် ပိုမိုကြီးလေးတဲ့ဒဏ်ကို ကျခံရမှာဖြစ်တယ်လို့ မန်နေဂျာအွန်လိုင်း သတင်းမှာ ဖော်ပြပါတယ်။ ဘီအီး ၂၀၁၇ ထိုင်းအလုပ်သမားဥပဒေ ပြင်ဆင်ချက်အရ  နေထိုင်ခွင့် အထောက်အထား မရှိ၊ အလုပ်သမား မှတ်ပုံတင်ကတ်မရှိတဲ့ အလုပ်သမားတွေကို ငှားရမ်းခန့်ထားသူ အလုပ်ရှင်တွေအနေနဲ့ အဆိုပါ အလုပ်သမားတဦးအတွက် အနည်းဆုံး ဘတ် ၄ သိန်းမှ ဘတ် ၈ သိန်းထက်မပိုတဲ့ ငွေဒဏ်ကျခံရမယ်လို့ ပါရှိပါတယ်။ အလားတူ ခွင့်ပြုချက်မရှိတဲ့ နေရာနဲ့ လုပ်ငန်းအမျိုးအစားမှာ ဝင်ရောက်လုပ်ကိုင်ဖို့ စေခိုင်းတယ် ဆိုရင်လည်းပဲ ဒဏ်ငွေ အနည်းဆုံး ဘတ် ၄ သိန်းမှ ဘတ် ၈ သိန်းထိ ငွေဒဏ်ကျခံရမယ်လို့  ဆိုပါတယ်။ ရွှေ့ပြောင်းအလုပ်သမားတွေဘက်ကလည်း ခွင့်ပြုချက်မရရှိဘဲ အလုပ်ဝင်လုပ်တယ်ဆိုရင်၊ အထောက်အထားမဲ့ လုပ်ကိုင်တယ်ဆိုရင် ၅ နှစ်ထက်မပိုတဲ့ ထောင်ဒဏ်၊ အနည်းဆုံး ဘတ်ငွေ ၂ သောင်းမှ ၁ သိန်းထိ ငွေဒဏ်၊ ဒါမှမဟုတ် ထောင်ဒဏ်ရော ငွေဒဏ် ၂ ရပ်လုံးမှာ ကျခံရမယ်လို့ ဖော်ပြပါတယ်။ အလုပ်ရှင်ဘက်က မိမိအလုပ်သမားကို သူ့ရဲ့ သက်သေ အထောက်အထား စာရွက်စာတမ်းတွေ ကိုင်ဆောင်ခွင့်မပြုဘဲ သိမ်းဆည်းထားတယ်ဆိုရင် အဆိုပါ အလုပ်ရှင်တွေအနေနဲ့ ၆ လထက်မပိုသော ထောင်ဒဏ်၊ ဘတ် ၁ သိန်းထက်မပိုသော ငွေဒဏ်ကျခံရမယ်လို့ ဆိုပါတယ်။ မည်သူမဆို အလုပ်သမားကို လိမ်လည်လှည့်ဖျားပြီး အလုပ်ခိုင်းစေတယ်ဆိုရင် ထောင်ဒဏ် အနည်းဆုံး ၃ နှစ်မှ ၁၀ နှစ် ဒါမှမဟုတ်  ငွေဒဏ် အနည်းဆုံး ဘတ် ၆ သိန်းမှ ၁ သန်းထိ ကျခံရမယ်လို့ ဆိုပါတယ်။ ဒီဥပဒေ ထွက်ပေါ်ပြီးတဲ့နောက် မြန်မာအလုပ်သမားတွေ သိန်းနဲ့ချီ ဝင်ရောက်လုပ်ကိုင်နေတဲ့ တာ့ခ်ခရိုင် မဲဆောက်မြို့နယ်ဘက်မှာ  တရားမဝင် အလုပ်သမား ဖမ်းဆီးရေးစီမံချက် ထပ်မံဝင်ရောက်မှာကိုစိုးပြီး သတိနဲ့ နေထိုင်နေကြကြောင်း၊ မဲဆောက်မှာ ဒီလဆန်းပိုင်းကလည်း မြို့နယ် ၅ ခုမှာ စီမံချက်တွေ ဝင်လို့ အလုပ်သမား တရာကျော် အဖမ်းခံခဲ့ရတယ်လို့ ထိုင်းနိုင်ငံလုံးဆိုင်ရာ မြန်မာရွှေ့ပြောင်း အလုပ်သမားကွန်ရက် (MMNT) အထွေထွေအတွင်းရေးမှူး ဦးမိုးကြိုးက ဒီဗွီဘီကို ပြောပါတယ်။ မဟာချိုင်အခြေစိုက် ရွှေ့ပြောင်းအလုပ်သမားအခွင့်အရေးကွန်ရက်အဖွဲ့ ဥက္ကဋ္ဌ ဦးစိန်ဌေးကလည်း အထောက်အထားမဲ့ အလုပ်သမားတွေအနေနဲ့ ဖမ်းဆီးခံရခြင်း မရှိရလေအောင် မြန်မာနိုင်ငံမှာ  အမ်အိုယူအလုပ်သမားကတ်လုပ်ပြီး ပြန်လည်ဝင်ရောက်လုပ်ကိုင်ဖို့  တိုက်တွန်းသွားပါတယ်။ အခုလို ဥပဒေတင်းကျပ်ပြီး ပြစ်ဒဏ်တွေ တိုးမြှင့်ရတာဟာ လူကုန်ကူးမှု တားဆီးကာကွယ်ရေး အတွက် ဆောင်ရွက်ရတာဖြစ်ပြီး ၂၀၁၇ ဇွန်လ ၂၃ ရက်ကနေစပြီး ဒီဥပဒေအတိုင်း အကောင်အထည်ဖော်သွားမယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပပါတယ်။   ဓာတ်ပုံ - လမ်းဖွန်းခရိုင်ရှိ သစ်သီးခြံတစ်ခုတွင်း ဇွန်လ ၁၃ ရက်နေ့က တရားမ၀င်အ လုပ်သမားများ
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024