Home
မြန်မာသတင်း
ယူအန်အက်စီခေါင်းဆောင်သစ် ရွေးချယ်၊ မဟာမိတ်အဖွဲ့အစည်းများနှင့် ဆက်လက်ဆွေးနွေး
နော်နိုရင်း
·
June 28, 2017
ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ (ယူအန်အက်စီ)ရဲ့ ဒုတိယအကြိမ် ညီလာခံမှာ ခေါင်းဆောင်သစ်တွေ ပြန်လည်ရွေးချယ်တင်မြှောက်လိုက်ပြီး တခြားတိုင်းရင်းသား မဟာမိတ်အဖွဲ့တွေနဲ့ ဆက်ဆွေးနွေးနေပါတယ်။ ယူအန်အက်စီရဲ့ ဒုတိယအကြိမ်ညီလာခံကို ထိုင်းနိုင်ငံ ချင်းမိုင်မြို့မှာ ဇွန် ၂၀ ရက်ကနေ ၂၆ ရက်နေ့အထိ ကျင်းရာမှာ ကောင်စီရဲ့ လုပ်ငန်းတွေကို ပြန်လည်သုံးသပ် ဆွေးနွေးပြီးနောက် ခေါင်းဆောင်သစ်တွေကို ရွေးချယ်ခဲ့ပါတယ်။ ရွေးချယ်လိုက်တဲ့ ခေါင်းဆောင်သစ်တွေကတော့ ဥက္ကဋ္ဌအဖြစ် မွန်ပြည်သစ်ပါတီက နိုင်ဟံသာ၊ ဒုဥက္ကဋ္ဌအဖြစ် ရခိုင်အမျိုးသားကောင်စီက ဒေါက်တာခင်မောင်၊ အထွေထွေအတွင်းရေးမှူးအဖြစ် ကရင်နီအမျိုးသားတိုးတက်ရေးပါတီက ခူးဦးရယ်၊ တွဲဖက်အထွေထွေအတွင်းရေးမှူး ၁ အဖြစ် ရှမ်းပြည်တိုးတက်ရေးပါတီကစေအွန်နဲ့၊ အတွင်းရေးမှူး ၂ အဖြစ် လားဟူဒီမိုကရက်တစ် အစည်းအရုံးက ဦးဆော်လမွန်ကို ရွေးချယ်ခဲ့ပါတယ်။ အရင်က ယူအန်အက်ဖ်စီရဲ့ ဥက္ကဋ္ဌအဖြစ် ကေအိုင်အိုက ဦးအင်ဘန်လက တာဝန်ယူခဲ့တာ ဖြစ်ပါတယ်။ ယူအန်အက်စီဟာ အရင်က ဗဟိုအလုပ်အမှုဆောင်ကော်မတီ ၁၂ ဦးနဲ့ ဖွဲ့စည်းထားခဲ့ရာ အခုညီလာခံမှာ ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင် ၉ ဦးနဲ့ ပြင်ဆင်ဖွဲ့တာ ဖြစ်ပါတယ်။ ၇ ရက်တာ ပြုလုပ်ခဲ့တဲ့ အဲဒီညီလာခံမှာ ယူအန်အက်စီအဖွဲ့ဝင်အဖြစ်ကနေ နုတ်ထွက်ခွင့်တောင်း ဆိုထားတဲ့ ကချင်လွတ်လပ်ရေးအဖွဲ့၊ ဝ အမျိုးသားအဖွဲ့ချုပ်၊ ပလောင်ပြည်နယ်လွတ်မြောက်ရေး တပ်မတော်နဲ့ မြန်မာအမျိုးသား ဒီမိုကရေစီမဟာမိတ်တပ်မတော် ကိုးကန့်တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ ၄ ဖွဲ့ကို နုတ်ထွက်ခွင့်ပြုခဲ့ပါတယ်။ ဒါ့အပြင် ညီလာခံမတိုင်ခင် ကောင်စီအဖွဲ့ဝင်အဖြစ် လျှောက်ထားတဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေကိစ္စကိုလည်း ဆွေးနွေးခဲ့ပေမယ့် အဲဒီအဖွဲ့ဝင်သစ်ကိစ္စကိုတော့ လက်ရှိ တက်လာတဲ့ ခေါင်းဆောင်သစ်ကပဲ ဆက်လက်ဆောင်ရွက်ဖို့ ညီလာခံမှာ ဆုံးဖြတ်ခဲ့ကြပါတယ်။ အဖွဲ့ဝင်သစ်အဖြစ် လျှောက်ထားတဲ့ အဖွဲ့တွေကတော့  ချင်းအမျိုးသားတပ်ဦး၊ ကူကီးအဖွဲ့၊ ဇိုမီးအဖွဲ့နဲ့ KNO ကချင်အမျိုးသားအစည်းအရုံးတို့က အဖွဲ့ဝင်ဖြစ်ဖို့ လျှောက်ထားကြောင်း သိရပါတယ်။ လက်ရှိယူအန်အက်ဖ်စီအဖွဲ့ထဲမှာ  မွန်ပြည်သစ်ပါတီ (NMSP)၊ ရှမ်းပြည်တပ်မတော်- ရှမ်းပြည် တိုးတတ်ရေးပါတီ (SSPP/SSA)၊ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (KNPP)၊ လားဟူ ဒီမိုကရက်တစ် ယူနီယံ (LDU)နဲ့ ရခိုင်အမျိုးသားကောင်စီ (ANC) ၅ ဖွဲ့ ကျန်ရှိနေပါတယ်။ သူတိုရဲ့ ညီလာခံပြီးမှာလည်း ဇွန်လ ၂၇ ရက်နေ့ကနေ ၂၉ ရက်နေ့အထိ တခြားသော တိုင်းရင်းသားမဟာမိတ်အဖွဲ့နဲ့ တွေ့ဆုံဆွေးနွေးမှုတွေ ဆက်လက်လုပ်ဆောင်နေပါတယ်။ ယူအန်အက်ဖ်စီအဖွဲ့ဝင်တွေဟာ တနိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုစာချုပ်ကို မချုပ်ဆိုသေးတဲ့ အဖွဲ့ တွေနဲ့ ဖွဲ့စည်းထားပြီး အန်စီအေလမ်းကြောင်းအတိုင်း ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို ဆက်လက် ဆွေးနွေးဖို့ သဘောထားရှိတဲ့အဖွဲ့ ဖြစ်ပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024