Home
မြန်မာသတင်း
ဒီကေဘီအေနှင့် နယ်ခြားစောင့်တပ်ပြဿနာ အစိုးရငြိမ်းချမ်းရေးအဖွဲ့ ၀င်ညှိနှိုင်းမည်
နန်းမြနဒီ
·
February 21, 2012
အခုရက်ပိုင်း ကရင်ပြည်နယ် လှိုင်းဘွဲ့မြို့နယ်ထဲမှာ ပစ်ခတ်မှုတွေ ဖြစ်ပွားခဲ့တဲ့ ဒီကေဘီအေနဲ့ အစိုးရနယ်ခြားစောင့်တပ်တို့ကြား ပြဿနာကို အစိုးရငြိမ်းချမ်းရေး ကိုယ်စားလှယ်တွေက ၀င်ရောက်ညှိနှိုင်းပေးမယ်လို့ ဒီကေဘီအေက ပြောပါတယ်။ နယ်ခြားစောင့်တပ်က ဒီကေဘီအေဆီက လက်နက်တွေ သိမ်းယူသွားတဲ့ကိစ္စကို  ပြေလည်အောင် ညှိနှိုင်းပေးဖို့ ဒီကေဘီအေက အစိုးရငြိမ်းချမ်းရေး ကိုယ်စားလှယ်တွေကို တောင်းဆိုခဲ့တာပါ။ အစိုးရကိုယ်စားလှယ်ဘက်ကလည်း ဒီနေ့ ဘားအံမှာ တွေ့မယ့်အကြောင်း ပြန်ကြားလာတယ်လို့  ဒီကေဘီအေ ပြောခွင့်ရ ဗိုလ်မှူး စောလုံ့လုံက ပြောပါတယ်။ “နယ်ခြားစောင့်တပ်ကို နိုင်ငံတော်အစိုးရကပဲ ထိန်းချုပ်ထားတယ်ဆိုတော့ နိုင်ငံတော်အစိုးရ ကိုယ်တိုင်ကိုယ်ကျ လာပြီး ဖြေရှင်းပေးမှ ပြေလည်မယ်လို့ ကျနော်တို့ ထင်တယ်။ အဲဒီနေရာမှာလည်း ကျနော်တို့နဲ့ နီးစပ်မှု ရှိတာက ငြိမ်းချမ်းရေးဖော်ဆောင်မှု ကော်မတီမှာပါတဲ့ ဝန်းကြီးအောင်သောင်းတို့၊ ဝန်ကြီး ဦးသိန်းဇော်တို့က ကျနော်တို့နဲ့ ဆက်စပ်မှု ရှိတဲ့အတွက်ကြောင့် သူတို့က အစိုးရကိုယ်စားလှယ်အဖြစ် ဝင်ရောက် ဆွေးနွေးဖို့ ကျနော်တို့ တောင်းဆိုထားတာ ရှိပါတယ်။ အဲဒီအချက်ကို ဦးခင်စိုးကတဆင့် အကြောင်းပြန်တာက လာတွေ့မယ်လို့ သူတို့ ပြောထားတယ်။ သူတို့ ဘားအံရောက်လာရင်တော့ ဒီကနေ့ပါပဲ၊ နောက်ဆုံး မနက်ဖြန်ဖြစ်ဖြစ် အမြန်ဆုံးတွေ့ဆုံဆွေးနွေးရမယ်လို့ ကျနော်တို့ ထင်တယ်လေ။” တွေ့ဆုံပွဲမှာ  ဒီကေဘီအေရဲ့ လက်နက်တွေ ပြန်အပ်ပေးဖို့၊ ဖမ်းထားတဲ့သူတွေ ပြန်လွှတ်ပေးဖို့ကိစ္စနဲ့ နယ်မြေ တည်ငြိမ်ရေးကိစ္စတွေ ဆွေးနွေးမှာဖြစ်ပြီး နယ်ခြားစောင့်တပ်ဘက်ကလည်း အဆိုပြုတာတွေ ရှိမှာဖြစ်တဲ့အတွက် အပေးအယူညှိနှိုင်းမယ်လို့ ဗိုလ်မှူး စောလုံ့လုံက  ပြောပါတယ်။ နယ်ခြားစောင့်တပ် အမှတ် ၁၀၁၁ ဟာ  ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်းက မြိုင်ကြီးငူဒေသ ရင်းပိုင်းချောင်းနဲ့ မဲသဝေါဘက်မှာရှိတဲ့ ဒီကေဘီအေစခန်း ၅ ခုကို ၀င်ရောက်ပြီး လက်နက်ပေါင်း ၃၀ ကျော်ကို သိမ်းယူသွားခဲ့ပါတယ်။  အဲဒါကြောင့်   လက်နက် တင်လာတဲ့ နယ်ခြားစောင့်တပ် ယာဉ်တန်းကို မြိုင်ကြီးငူမြို့ထဲမှာ  ဗိုလ်ဘိ ဦးဆောင်တဲ့ ဒီကေဘီအေအဖွဲ့က စောင့်ပစ်ပြီး တိုက်ပွဲတွေ ဖြစ်ပွားခဲ့တယ်လို့ ဒီကေဘီကေ တပ်မှူးတယောက်က ပြောပါတယ်။ ပစ်ခတ်မှုကြောင့် နယ်ခြားစောင့်တပ်ဘက်က ၃ ဦး ကျပြီး ၂ ဦး ဒဏ်ရာရခဲ့သလို မနေ့က ပစ်ခတ်မှုကြောင့် ဒီကေဘီအေ တပ်မှူး ၁ ဦး ဒဏ်ရာရခဲ့ပါတယ်။ မဲသဝေါဘက်က ရွာသား ၅၀ ကျော်ဟာ ဘေးလွတ်ရာ ထိုင်းနယ်စပ်ဘက်ကို ထွက်ပြေးသွားတယ်လို့ ဆိုပါတယ်။ တိုးတက်သော ဗုဒ္ဓဘာသာ ကရင်အမျိုးသားတပ်မတော် (ဒီကေဘီအေ) ဟာ နယ်ခြားစောင့်တပ် အသွင်ပြောင်းခိုင်းတာကို လက်မခံသူတွေနဲ့ ဗိုလ်မှူးချုပ် စောလားဘွယ် ဦးဆောင်မှုအောက်မှာ  ပြီးခဲ့တဲ့နှစ် နိုဝင်ဘာ ၃ ရက်နေ့က အစိုးရနဲ့ အပစ်အခတ် ရပ်ခဲ့ပါတယ်။ နယ်ခြားစောင့်တပ်ကတော့ အရင် ဒီကေဘီအေတပ်ကနေ အစိုးရရဲ့  ဖိအားပေးမှုနဲ့ ၂၀၁၀  ခုနှစ် သြဂုတ်လထဲမှာ နယ်ခြားစောင့်တပ်အသွင်  ပြောင်းခဲ့တဲ့အဖွဲ့ ဖြစ်ပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024