Live
Home
မြန်မာသတင်း
ဖမ်းဆီးထိန်းသိမ်းခံထားရသည့် သတင်းထောက်များအတွက် မိသားစုများစိုးရိမ်နေ
စိုးမိုးအောင်
·
June 28, 2017
တပ်မတော်က ဖမ်းဆီးထိန်းသိမ်းထားတဲ့ သတင်းထောက်တွေနဲ့ အဆက်အသွယ် မရသေးတဲ့အပေါ် မိသားစုဝင်တွေက စိုးရိမ်မှုတွေ ရှိနေပါတယ်။ တီအန်အယ်လ်အေက ပြုလုပ်တဲ့ အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါး အလွဲသုံးမှုနဲ့ တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အခမ်းအနားကို သွားရောက်သတင်းယူပြီးအပြန် ဒီဗွီဘီ အကြီးတန်းသတင်းထောက် ဦးအေးနိုင်နဲ့ သတင်းထောက် ကိုပြည့်ဘုန်းအောင်တို့ဟာ ဇွန် ၂၆ ရက်နေ့က တပ်မတော်စစ်ကြောင်းရဲ့ ဖမ်းဆီးခြင်း ခံခဲ့ရပါတယ်။ အဲဒီလို ဖမ်းဆီးခဲ့ပြီးနောက်ပိုင်း အခုအချိန်အထိ ဆက်သွယ်လို့မရတာကြောင့် ကျန်ရစ်တဲ့ မိသားစုဝင်တွေအနေနဲ့ စိုးရိမ်မှုတွေ ဖြစ်ပေါ်နေတာပါ။ သတင်းထောက် ဦးအေးနိုင်ရဲ့ အစ်မဖြစ်သူ ဒေါ်ဌေးဌေးဝင်းက “အဆက်အသွယ်ရမယ် ဆိုရင်တော့ သူ့ကို ဘယ်နေရာမှာ ထိန်းသိမ်းထားလဲဆိုတာတော့ အန်တီတို့ သိချင်တယ်။ အဲဒါမှလည်း သူ ကျန်းမာရေး ဘာညာ ဘယ်လိုဆိုတာ အန်တီတို့လည်း သိရမှာပေါ့နော်” လို့ ပြောပါတယ်။ လားရှိုးရဲစခန်းကို လွှဲပြောင်းပေးလိုက်တယ်လို့ တပ်မတော်ကာကွယ်ရေးဦးစီးချူပ်ရုံးက သတင်းထုတ်ပြန်ပေမယ့် လာရှိုးရဲစခန်းကို ဆက်သွယ်ကြည့်ရာမှာ သတင်းထောက်တွေ ရောက်ရှိတာ မရှိသေးပါဘူး။ ဒါ့အပြင် နမ့်ဆန်မြို့နယ် ရဲစခန်းကို ဆက်သွယ်ကြည့်ရာမှာလည်း  သတင်းထောက်တွေကို ရဲစခန်းမှာ လာရောက်လွှဲပြောင်းပေးတာ မရှိဘူးလို့ ပြောပါတယ်။ နမ့်ဆန်မြို့နယ်မှူး ရဲမှူးဇော်မင်းက “ကျနော်လည်းမသိဘူး။ တပ်ကုန်းဘက်က ကျနော်တို့နဲ့ လှမ်းတယ်ခင်ဗျ။ နန့်ဆန်မှာ ရှိလား၊ မရှိလားတော့ တပ်ကုန်းပေါ်မှာကတော့ မသိဘူးဗျ။ ကျနော်တို့ မနေ့က စွဲတယ်ဆိုတာတော့ ကြားတယ်။ ကျနော်တို့ ရဲစခန်းကိုတော့ ရောက်မလာပါဘူးခင်ဗျ” လို့ ပြောပါတယ်။ သတင်းထောက် ကိုပြည့်ဘုန်းအောင်ရဲ့ဖခင် ဦးကျော်စိုးက “ဖြစ်ရင်တော့ သူတို့ ဥပဒေကြောင်းနဲ့အညီ ဆောင်ရွက်ရင်လည်း ဥပဒေကြောင်းအရ သွားပေါ့လေ။ ကျန်းကျန်းမာမာနဲ့ အေးအေးဆေးဆေးလေး စကားပြောခွင့်၊ တွေ့ခွင့်လေးရရင် ကျနော်တို့ ရှိတဲ့နေရာလေး လိုက်သွားချင်တာပေါ့” လို့ ပြောပါတယ်။ သတင်းထောက် ကိုပြည့်ဘုန်းအောင်ရဲ့မိခင် ဒေါ်ခင်ဌေးက “မေမေ သားတို့ စစ်တပ်ထဲရောက်နေတယ်။ သားတို့ကို မစိုးရိမ်နဲ့ဆိုတော့ ဘာကိုပြောမှန်းမသိဘူး။ စစ်တပ်ထဲ ရောက်နေတယ်ဆိုတော့ ကျမစိတ်ထဲမှာတော့ သူ အကြောင်းကြားတယ်ပေါ့။ ဒီလိုပဲ ထင်လိုက်တာ။ ဖမ်းထားတယ်လို့လည်း သူက အဲဒီလိုမျိုး မပြောဘူးလေ။ ထိန်းသိမ်းခံထားရတယ် မပြောတော့ အေးပါ စိတ်မပူပါဘူး သားရယ်၊ မြန်မြန်သာ ပြန်လာခဲ့ အဲဒီလိုမျိုးပဲ ပြောလိုက်တာ။ နယ်ကလူတွေ ဖုန်းဆက်တော့မှ သတင်းထဲမှာ ကြေညာသွားတယ်တဲ့။ ဒီလိုပဲ သတင်းထောက် ပြည့်ဘုန်းနိုင် ဆိုတော့ ပြည့်ဘုန်းအောင်နဲ့ ဆင်တူတယ်ဆိုတော့၊ ဒီဗွီဘီဆိုတော့ သူပဲနေမှာပဲ လာပြီးအကြောင်းကြားတော့ သူ့အဒေါ်တွေက ဖုန်းဆက်တော့မှ ဟုတ်ပြီဆိုပြီးမှ ဟိုဆက် ဒီဆက် ဆက်တော့မှ ထိန်းသိမ်းထားတယ်ဆိုတာ သိရတယ်” လို့ ပြောပါတယ်။ အခုဖြစ်စဉ်မှာ ဖမ်းဆီးခံထားရတဲ့ သတင်းထောက်တွေ ပြန်လည်လွတ်မြောက်လာဖို့ကိုလည်း နိုင်ငံတကာ လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့ အပါအဝင် ပြည်တွင်းပြည်ပ အဖွဲ့အစည်းတွေက ကြေညာချက် ထုတ်ပြန် တောင်းဆိုထားပါတယ်။ ဒါ့အပြင် သတင်းထောက်တွေ ဖမ်းဆီးခံရတာနဲ့ပတ်သက်လို့ အမေရိကန်သံရုံးအနေနဲ့ စိုးရိမ်မကင်းဖြစ်ရကြောင်းနဲ့ မြန်မာနိုင်ငံရဲ့ အောင်မြင်မှုအတွက် သတင်းလွတ်လပ်ခွင့်ဟာ မုချလိုအပ်ပြီး သတင်းသမားတွေအနေနဲ့ သူတို့ရဲ့တာဝန်ကို ထမ်းဆောင်ဖို့လိုတယ်လို့ ထုတ်ပြန်ထားပါတယ်။ တီအန်အယ်လ်အေအဖွဲ့နဲ့ ဆက်သွယ်တယ်ဆိုပြီး ဒီဗွီဘီသတင်းထောက် ၂ ဦးနဲ့ ဧရာဝတီသတင်းထောက် ဦးသိန်းဇော် အပါအဝင် ၇ ဦးကို ဖမ်းဆီးထိန်းသိမ်းထားတယ်လို့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးက ဇူလိုင် ၂၆ ရက်မှာ သတင်းထုတ်ပြန်ထားပြီး ဘယ်မှာ ဖမ်ဆီးထိန်းသိမ်းထားလဲဆိုတာကို ဒီကနေ့အထိ သတင်းထပ်မံထုတ်ပြန်ခြင်း မရှိသေးပါဘူး။

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024