အပြည်ပြည်ဆိုင်ရာလေဆိပ် ၂ ခု မြန်မာနိုင်ငံတွင် ထပ်ဆောက်မည်
DVB
·
February 21, 2012
မြန်မာနိုင်ငံမှာ အပြည်ပြည်ဆိုင်ရာ လေဆိပ်အသစ် ၂ ခု ထပ်မံတိုးချဲ့ဆောက်လုပ်ဖို့ အစီအစဉ်ရှိနေတယ်လို့ တရုတ်အစိုးရပိုင် ဆင်ဟွာသတင်းမှာ ဖော်ပြပါတယ်။
[caption id="attachment_21494" align="alignleft" width="310" caption="ရန်ကုန် အပြည်ပြည်ဆိုင်ရာလေဆိပ်"][/caption]
အနာဂတ်မှာ ဖြစ်ထွန်းလာမယ့် တိုင်းပြည်ရဲ့  ဖွံ့ဖြိုးတိုးတက်မှုတွေနဲ့ ကိုက်ညီမှုရှိအောင် လေဆိပ်သစ်တွေ ထပ်ဆောက်ဖို့ စီစဉ်နေတာဖြစ်ပြီး လေဆိပ်သစ် ဆောက်လုပ်ရေးအတွက် ဂျပန်နဲ့  စင်ကာပူနိုင်ငံတွေကနေ ရင်းနှီးမြှုပ်နှံမှုတွေ ဖိတ်ခေါ်ထားတယ်လို့ သတင်းမှာ ရေးထားပါတယ်။
လေဆိပ်သစ် စီမံကိန်းတွေကတော့ ပဲခူးဒေသမှာ ဆောက်လုပ်မယ့် ဟံသာဝတီ အပြည်ပြည်ဆိုင်ရာလေဆိပ်နဲ့ တနင်္သာရီဒေသက ထားဝယ်ရေနက်ဆိပ်ကမ်းမှာ ဆောက်လုပ်မယ့် ထားဝယ် အပြည်ပြည်ဆိုင်ရာ လေဆိပ် စီမံကိန်းတွေ ဖြစ်ပါတယ်။
စီမံကိန်း ၂ ခုအနက် ထားဝယ်လေဆိပ်စီမံကိန်းကိုတော့ လက်ရှိ ရှိပြီးသား ပြည်တွင်းသုံး ထားဝယ်လေဆိပ်ကို အပြည်ပြည်ဆိုင်ရာ လေဆိပ်အဖြစ် ၃ နှစ် အတွင်း အမေရိကန် ဒေါ်လာ (၄) သန်း ကုန်ကျခံပြီး အဆင့်မြှင့်တင်မှာလို့ လေကြောင်း ဦးစီးဌာနက တာဝန်ရှိသူတွေရဲ့ စကားကို ကိုးကားပြီး သတင်းမှာ ဖော်ပြပါတယ်။
မြန်မာနိုင်ငံမှာ လက်ရှိ ရန်ကုန်၊ မန္တလေးနဲ့  နေပြည်တော်မှာ အပြည်ပြည်ဆိုင်ရာ လေဆိပ် ၃ ခု ရှိပြီး ပြည်တွင်းလေဆိပ် ၂၉ ခုနဲ့ စုစုပေါင်း လေဆိပ် ၃၂ ခု ရှိပါတယ်။ ဟံသာဝတီအပြည်ပြည်ဆိုင်ရာလေဆိပ် စီမံကိန်းကိုတော့ ၂၀၀၀ ပြည့်နှစ်ကလည်း မြန်မာအစိုးရက တည်ဆောက်ဖို့  စီစဉ်ခဲ့ဖူးပေမယ့် အကောင်အထည် ပေါ်မလာခဲ့ပါဘူး။