Home
ဆောင်းပါး
ဦးကျည်ပွေ့ထုံးမှသည် တပြည်လုံး စဉ်ဆက်မပြတ် သင်ကြားရေးပညာ
DVB
·
June 27, 2017
  ပြီးခဲ့တဲ့ ဇွန်လ ၁၇ ရက်နေ့ကတော့ အခြေခံပညာအထက်တန်း တက္ကသိုလ်ဝင်တန်း စာမေးပွဲ အောင်စာရင်းတွေ ထုတ်ပြန်ခဲ့ပါတယ်။ တနိုင်ငံလုံး အတိုင်းအတာမှာ အောင်ချက် ၃၃ ဒသမ ၈၉ ရာခိုင်နှုန်းသာရှိတော့ အောင်မြင်သူတွေအနက်က ဂုဏ်ထူးဝေဝေဆာဆာနဲ့ အမှတ်ကောင်းကောင်းရပြီး အောင်မြင်သူတွေ ပြုံးပျော်ကြ၊ အောင်ပွဲခံကြ၊  ရှေ့ပညာရေးခရီးအတွက် ပြင်ဆင်နေကြချိန်၊ ကျရှုံးတဲ့ အများစုကတော့ ဝမ်းနည်းပက်လက် ဖြစ်ကြ၊ အားငယ်ကြ၊ မျက်နှာမလှ ဖြစ်ကြရပါတယ်။ မြန်မာနိုင်ငံရဲ့ လက်ရှိ ပညာရေးစနစ်ဟာ စစ်အာဏာရှင် ဗိုလ်ချုပ်ကြီးနေဝင်း လက်ထက်ကတည်းကအတိုင်း မူလတန်းကနေ အထက်တန်းပညာရေးမှာ စာမေးပွဲရလဒ် အမှတ်နဲ့ ကျောင်းသူကျောင်းသားတွေရဲ့ အရည်အသွေးကို အကဲဖြတ်တဲ့ ပညာရေးစနစ် ဖြစ်ပါတယ်။ စင်ကာပူနိုင်ငံ အပါအဝင် ကမ္ဘာ့ပညာရေး လောကမှာ ထိပ်ဆုံးက နေရာယူထားတဲ့ နိုင်ငံအတော်များများကတော့ ကျောင်းစာရမှတ်တွေအပြင်  ကျောင်းစာပြင်ပ လေ့လာသင်ယူမှုရလဒ် Achigvements of Co-curricular Activities (CCA) တွေ ပေါင်းပြီး ရလာတဲ့ ဘက်စုံအရည်အသွေးအကဲဖြတ်တဲ့ (Grade) စနစ်ကို ကျင့်သုံးပါတယ်။ စစ်အာဏာရှင်စနစ်ရဲ့ ပညာရေးစနစ်ကတော့ ဗဟိုချုပ်ကိုင်တဲ့ ပညာရေးစနစ်၊ သင်ရိုးညွှန်းတမ်းချုပ်ကိုင်တဲ့ ပညာရေးစနစ်၊ ဆရာတွေရဲ့ လွတ်လပ်ခွင့်တွေ ချုပ်ကိုင်တဲ့ ပညာရေးစနစ်၊ တိုင်းရင်းသားစာပေနဲ့ ယဉ်ကျေးမှုဓလေ့ထုံးစံတွေကို လွတ်လွတ်လပ်လပ် လက်ဆင့်ကမ်း သင်ယူခွင့်မရှိအောင် ချုပ်ကိုင်တဲ့ ပညာရေးစနစ်ဖြစ်ခဲ့တာ ဘယ်သူမှ ငြင်းနိုင်လိမ့်မယ် မထင်ပါဘူး။ ပြီးခဲ့တဲ့ ဦးသိန်းစိန် အစိုးရလက်ထက်မှာ ကျောင်းသားသမဂ္ဂတွေနဲ့ ကျောင်းသားတွေ၊ ပညာရေးလောက ပညာရှင်တချို့က သတိပေး ကန့်ကွက်နေတဲ့ကြားက ၂၀၁၄ ခုနှစ်၊ စက်တင်ဘာလ ၃၀ ရက်နေ့မှာ  ပြည်ထောင်စုလွှတ်တော်ကနေ အတည်ပြု ပြဋ္ဌာန်းခဲ့တဲ့ အမျိုးသားပညာရေးဥပဒေဟာလည်း စစ်အာဏာရှင် ပညာရေးစနစ်ရဲ့ အငွေ့အသက်တွေ ပါဝင်နေသေးတယ်လို့ ဒီမိုကရေစီပညာရေးဥပဒေကို တောင်းဆိုနေကြတဲ့ အင်အားစုတွေက သုံးသပ်ကြပါတယ်။ မဆလခေတ်က ဆိုရှယ်လစ်စကားလုံးအစား ဒီမိုကရေစီလို့ နာမည်ပြောင်းလိုက်တဲ့ သဘောမျိုး၊ အနှစ်သာရအားဖြင့် မပြောင်းလဲဘဲ အရင်လို ဗဟိုချုပ်ကိုင်တဲ့ ပညာရေးစနစ်၊ သင်ရိုးညွှန်းတမ်း ချုပ်ကိုင်တဲ့ ပညာရေးစနစ်၊ ဆရာတွေရဲ့ လွတ်လပ်ခွင့်တွေ ချုပ်ကိုင်တဲ့ ပညာရေးစနစ်သာ ဖြစ်တယ်လို့ သူတို့က ယုံကြည်ခဲ့ကြတာမို့ ကန့်ကွက်ခဲ့ကြတာ ဖြစ်ပါတယ်။ စာရေးသူကတော့ ဦးသိန်းစိန်အစိုးရ ရေးဆွဲပြဋ္ဌာန်းခဲ့တဲ့ အငြင်းပွားဖွယ်ရာ အခန်း ၁၃ ခန်း ပါတဲ့ အမျိုးသားပညာရေးဥပဒေကို လေ့လာတဲ့အခါ ၂ ပိုင်းခွဲ ဆင်ခြင်ကြည့်မိပါတယ်။ ပထမပိုင်းကတော့ အမျိုးသားပညာရေး ရည်မှန်းချက်များနဲ့ အမျိုးသားပညာရေးဆိုင်ရာ အခြေခံမူများဆိုတဲ့အပိုင်းနဲ့ ဒုတိယအပိုင်းကတော့ အဲဒီရည်မှန်းချက်၊ မူဝါဒတွေကို ဘယ်လိုပုံစံနဲ့ စီမံအကောင်အထည်ဖော်မယ်၊ ဘယ်လို နည်းဥပဒေ ရေးဆွဲပြဋ္ဌာန်းမယ်ဆိုတဲ့ အပိုင်း ဖြစ်ပါတယ်။ အခန်း (၁) မှာပါတဲ့ အမျိုးသားပညာရေး ရည်မှန်းချက်များမှာ အောက်ပါအတိုင်း ဖြစ်သည်။ (က) တွေးခေါ်ကြံဆ ဝေဖန်ပိုင်းခြားနိုင်သော အသိဉာဏ်ရှိ၍ ဗလငါးတန် ပြည့်စုံသည့် နိုင်ငံ့သားကောင်းများ  ဖြစ်ထွန်းရေးကို ဦးတည်လေ့ကျင့်ပေးရန်၊ (ခ) ပြည်သူ့နီတိ၊ ဒီမိုကရေစီကျင့်စဉ်နှင့် လူ့အခွင့်အရေးဆိုင်ရာ စံနှုန်းများဖြင့် ဥပဒေကို လေးစားလိုက်နာသော နိုင်ငံသားများ ဖြစ်လာစေရေးအတွက် လေ့ကျင့်ပြုစု ပျိုးထောင်ပေးရန်၊ (ဂ) ပြည်ထောင်စုစိတ်ဓာတ်ဖွံ့ဖြိုးပြီး တိုင်းရင်းသားလူမျိုးများ၏ ဘာသာစကား၊ စာပေ၊ ယဉ်ကျေးမှု၊ အနုပညာ၊ ရိုးရာဓလေ့၊ သမိုင်းအမွေအနှစ်နှင့် သဘာဝပတ်ဝန်းကျင် တို့ကို တန်ဖိုးထား၍ ထိန်းသိမ်းမြှင့်တင်နိုင်ပြီး ယင်းတို့ကို လက်ဆင့်ကမ်းနိုင်သည့် နိုင်ငံသားများ ဖြစ်လာစေရန်၊ (ဃ) ပညာအခြေပြု လူမှုစီးပွား ဖွံ့ဖြိုးတိုးတက်မှုအတွက် လိုအပ်သော လူ့စွမ်းအား အရင်းအမြစ်များကို  လေ့ကျင့်ပြုစုပျိုးထောင်ပေးရန်၊ (င) နိုင်ငံတကာအဆင့်မီပညာရပ်ဆိုင်ရာ ပတ်ဝန်းကျင်ကောင်းများ ဖန်တီးပေးရန်နှင့် သတင်းအချက်အလက်နှင့် ဆက်သွယ်ရေးနည်းပညာများကို ထိရောက်စွာ အသုံးပြုခြင်းဖြင့် သင်ကြားရေး၊ သင်ယူရေး၊ သုတေသနနှင့် စီမံခန့်ခွဲရေးဆိုင်ရာ လုပ်ငန်းများ၏ အရည်အသွေး မြင့်မားလာစေရန်၊ (စ) ပညာရပ်နယ်ပယ်အလိုက် ကျွမ်းကျင်စွာ တတ်မြောက်သော ထူးချွန်ထက်မြက်သည့် အသိပညာရှင်၊ အတတ်ပညာရှင်၊ နည်းပညာနှင့် သက်မွေးပညာဆိုင်ရာ ကျွမ်းကျင်သူများကို လေ့ကျင့်ပြုစုပျိုးထောင်ပေးရန်၊ (ဆ) အားကစားကဏ္ဍကို အားပေးမြှင့်တင်ခြင်းနှင့် ကျောင်းကျန်းမာရေး လုပ်ငန်းများကို စနစ်တကျ ထိရောက်စွာ အကောင်အထည်ဖော် ဆောင်ရွက်နိုင်စေရန်။ အဲဒီ အမျိုးသားပညာရေး ရည်မှန်းချက်ကို ဖတ်ရပြီးတဲ့နောက် စာရေးသူဟာ ခဲမှန်ဖူးတဲ့ စာသူငယ်တကောင်လို မစားရဝခမန်း ရွှေရောင်စကားလုံးတွေနဲ့ စီရင်ရေးသားထားတဲ့ မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီရဲ့ ရည်မှန်းချက် မူဝါဒတွေကို ပြန်ပြီး ပြေးမြင်ယောင်မိပါတယ်။ တကယ်တော့ အဲဒီ အမျိုးသားပညာရေးရည်မှန်းချက်ပါ စကားလုံးတွေဟာ အလွန်ကောင်းမွန်လှပါတယ်။ ဒါပေမယ့် ပိုအရေးကြီးတာက အဲဒီ ကောင်းမွန်တဲ့ စကားလုံးတွေကို ဘယ်လိုထိထိရောက်ရောက် အကောင်အထည်ဖော်မှာလဲ ဆိုတဲ့ နည်းလမ်းတွေနဲ့ လက်တွေ့လုပ်ဆောင်မှုကသာ အဆိုး၊ အကောင်း တန်ဖိုးကို ပြသနိုင်ပါတယ်။ “လှပတဲ့ စကားလုံးတွေ အကာအကွယ်ယူထားပေမယ့် လိုက်ဖက်ညီတဲ့ အလုပ်သုံးပါးကံ မရှိခဲ့ရင် အဆင်းလှပေမယ့်၊ ရနံ့ကင်းမဲ့တဲ့ ပန်းမျိုးနဲ့တူပြီး အောင်သီး အောင်နှံလည်း မထွက် ဖွံ့ဖြိုးခြင်း အလျင်းကင်းတယ်” ဆိုတဲ့သဘောမျိုး မြတ်ဗုဒ္ဓက မြွက်ကြားခဲ့ပါတယ်။ နောက်တချက်က ပညာရေးမူဝါဒ ပြောင်းလဲရေးကိစ္စ ဖြစ်ပါတယ်။ အစိုးရ၊ ပညာရှင်၊ ဆရာ မိဘ၊  ကျောင်းသား၊ တိုင်းရင်းသားပြည်သူ၊ သက်ဆိုင်သူတွေအားလုံးရဲ့ သဘောထား အကြံဉာဏ်တွေပါတဲ့ ပညာရေးမူဝါဒမျိုး ဖြစ်ဖို့လိုတယ်။ အဲဒီလို မူဝါဒမျိုး ရရှိအောင် ရေးဆွဲနိုင်ဖို့ဆိုတာ တိုင်းပြည်မှာ  တောက်လောင်နေတဲ့ ပြည်တွင်းစစ်မီးကို ငြှိမ်းသတ်နိုင်ပြီး ငြိမ်းချမ်းရေးရနေမှသာ ပြည့်ပြည့်စုံစုံ ရေးဆွဲနိုင်မှာ ဖြစ်ပါတယ်။ အထူးသဖြင့် တိုင်းရင်းသားမျိုးနွယ်စုတွေ အများစုနေထိုင်တဲ့ ဒေသတွေမှာ မြန်မာဘာသာ၊ အင်္ဂလိပ်ဘာသာတွေသာမက မိခင်ဘာသာစကားနဲ့ သင်ကြားနိုင်တဲ့ သင်ရိုးညွှန်းတန်းတွေ ပြဋ္ဌာန်းရမှာ မဟုတ်ပါလား။ လက်ရှိပညာရေးဥပဒေရဲ့ အမျိုးသားပညာရေးဆိုင်ရာ အခြေခံမူများထဲမှာ စာရေးသူအတွက် စိတ်ဝင်တစား အာရုံစိုက်မိစေတဲ့ အချက်ကတော့ အပိုဒ်ခွဲ(ဃ) မှာ ‘နိုင်ငံသားတိုင်း ပညာသင်ယူခွင့်ရရှိပြီး ဘဝတလျှောက် စဉ်ဆက်မပြတ် လေ့လာသင်ယူနိုင်သော ပညာရေးအခွင့်အလမ်းများ ဖန်တီးပေးရေး’ ဆိုတဲ့ အခြေခံမူပါပဲ။ အဲဒီ အခြေခံမူကို ဖတ်ရင်း အထက်မှရေးခဲ့တဲ့ ဆင်ခြင်တွေးတောမိတဲ့ ဒုတိယအပိုင်းအနေနဲ့ ဒီမူကို ဘယ်လိုပုံစံနဲ့ စီမံအကောင်အထည်ဖော်မယ်၊ ဘယ်လို နည်းဥပဒေ ရေးဆွဲပြဋ္ဌာန်းမယ်ဆိုတဲ့ အကြောင်းပါပဲ။ ဒီနေရာမှာ ကြားဖြတ်ရေးပြချင်တာက စင်ကာပူနိုင်ငံ ကျင့်သုံးနေတဲ့ ပညာရေးစနစ်မှာ အားသာချက်တွေရှိသလို အားနည်းချက်တွေလည်း ရှိတယ်ဆိုတာကိုပါ။ ဗဟိုချုပ်ကိုင်မှု၊ အစိုးရရဲ့ ချုပ်ကိုင်မှုတွေကြောင့် နိုင်ငံအတွင်းမှာ ဆန်းသစ်တီထွင်မှု၊ တွေးခေါ်ကြံဆ ဝေဖန်ပိုင်းခြားမှုတွေ အားနည်းတာကို နိုင်ငံတကာနဲ့ ယှဉ်လိုက်တဲ့အခါ မြင်သာပါတယ်။ ဆန်းသစ်တီထွင်မှုဆိုင်ရာ မူပိုင်ခွင့် မှတ်ပုံတင်နိုင်တဲ့နှုန်းမှာ စင်ကာပူနိုင်ငံဟာ ဂျပန်၊ ကိုရီးယား၊ ထိုင်ဝမ် စတဲ့နိုင်ငံတွေ နောက်မှာ အလွန်ဝေးကွာစွာ ပြတ်ကျန်ရစ်ရတာဟာ ဗဟိုချုပ်ကိုင်မှုများတဲ့ ပညာရေးစနစ်နဲ့ နိုင်ငံအုပ်ချုပ်ပုံစနစ်ရဲ့ အကျိုးဆက်တွေ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း စင်ကာပူနိုင်ငံဟာ နည်းပညာတွေ၊ အသိပညာတွေ စက္ကန့်မလပ် ပေါက်ကွဲပြီး တိုးတက်နေတဲ့ ခေတ်ကြီးမှာ လူသားအရင်းအမြစ်တွေ ဖွံ့ဖြိုးဖို့၊ ကျွမ်းကျင်တဲ့ လုပ်သားတွေနဲ့ ပရောဖက်ရှင်နယ်တွေ အမြောက်အမြား မရှိမဖြစ် လိုအပ်နေတဲ့ နိုင်ငံဖြစ်တာမို့ ပညာရေးကို အဓိကအပိုင်း ၂ ပိုင်းခွဲပြီး လူသားအရင်းအမြစ်တွေကို ငွေအမြောက်အမြား အကုန်အကျခံပြီး စနစ်တကျ ပျိုးထောင်ပါတယ်။ အဲဒီအပိုင်း ၂ ပိုင်းကတော့ အခြေခံပညာတန်း တက္ကသိုလ်ကောလိပ် အသက်မွေးဝမ်းကျောင်းပညာရေးလို့   ပြောနေကြတဲ့ လုပ်ငန်းခွင်မဝင်ခင် သင်ယူရေး (PET - Pre-Employment Training) နဲ့ စဉ်ဆက်မပြတ် လုပ်ငန်းခွင်ဆက်စပ်သင်ယူရေး (Continuing Education and Training - CET) တို့ပါပဲ။ အဲဒီ စဉ်ဆက်မပြတ် လုပ်ငန်းခွင်ဆက်စပ် သင်ယူရေး (Continuing Education and Training - CET) ကို ထိထိရောက်ရောက် သင်ကြားနိုင်ဖို့ နည်းဥပဒေရေးဆွဲ ပြဋ္ဌာန်းပြီး SkillsFuture Singapore (SSG) လို့ခေါ်တဲ့ အာဏာပိုင်ဘုတ်အဖွဲ့ကို ပညာရေးဝန်ကြီးဌာနအောက်မှာ ဖွဲ့စည်းခဲ့ပါတယ်။ အဲဒီ SSG ဘုတ်အဖွဲ့က စက်မှုလုပ်ငန်းမျိုးစုံနဲ့ လက်တွဲပြီး Workforce Skills Qualifications (WSQ) Frameworks တွေကို ရေးဆွဲပြီး သက်ဆိုင်ရာ လုပ်ငန်းခွင်တိုင်းအတွက် မှန်ကန်ကျင်လည်စွာ စွမ်းဆောင်နိုင်မှု (Competency Based) အခြေခံတဲ့သင်တန်းတွေကို ရေးဆွဲသင်ကြားစေပါတယ်။ လုပ်ငန်းခွင်အားလုံးက အရွယ်ရောက် လုပ်သားအားလုံးအတွက် ဘဝတသက်တာ ဆည်းပူးသင်ကြားရေး (lifelong learning) ကို လုပ်စေပြီး အသိပညာနဲ့ ကျွမ်းကျင်မှုတွေ မြှင့်တင်နိုင်အောင်၊ အလုပ်အကိုင်လုံခြုံမှု၊ ဘဝတိုးတက်မြင့်မားဖို့ အခွင့်အလမ်းတွေ ရနိုင်အောင် ဖန်တီးပေးတာ ဖြစ်ပါတယ်။ ဒီဆောင်းပါးကို နိဂုံးသတ်ရရင် နိုင်ငံတနိုင်ငံရဲ့ ပညာရေးစနစ်၊ ပညာရေးမူဝါဒ၊ ပညာရေးဆိုင်ရာ နည်းဥပဒေတွေ မှန်ကန်ဖို့ဟာ အလွန်အရေးကြီးပါတယ်။ ပိုလို့အရေးကြီးတာကတော့ အဲဒီပညာရေးစနစ်ကို သန်စွမ်းတဲ့ ပန်းကောင်းတပွင့်လို လွတ်လပ်စွာ ဖူးပွင့်လာအောင် ဆောင်ရွက်ရာမှာ လောင်းရိပ်နဲ့တူတဲ့ ဗဟိုချုပ်ကိုင်မှုတွေ  လျှော့ချနိုင်သမျှ လျှော့ချရမှာ ဖြစ်ပါတယ်။ လုပ်ပိုင်ခွင့် အကန့်အသတ်နဲ့ အပြောင်းအလဲကို ဖော်ဆာင်နေရတဲ့ လက်ရှိ အန်အယ်လ်ဒီအစိုးရအနေနဲ့လည်း တိုင်းရင်းသားတွေ အပါအဝင် နိုင်ငံသားတွေအားလုံး ပညာသင်ယူခွင့်တွေ ရရှိပြီး ဘဝတလျှောက် စဉ်ဆက်မပြတ် လေ့လာသင်ယူနိုင်သော ပညာရေးအခွင့်အလမ်းများ ဖန်တီးပေးရေး ဆိုတဲ့ အမျိုးသားပညာရေး အခြေခံမူကို အမြန်ဆုံးနဲ့ မှန်မှန်ကန်ကန် အကောင်အထည်ဖော်နိုင်ဖို့ လိုအပ်ချက်တွေနဲ့ အခြေအနေ အခက်အခဲတွေကို ပွင့်ပွင့်လင်းလင်းချပြပြီး ပြည်သူလူထုနဲ့အတူ လက်တွဲအဖြေရှာဖို့ မေတ္တာရပ်ခံချင်ပါတယ်။ နှစ်ပေါင်း ၅၀ ကျော် ပိတ်ထားတဲ့ တံခါးတွေကို ဖွင့်လှစ်ပေးခဲ့တာ မကြာလှသေးတဲ့ စာရေးသူတို့နိုင်ငံကို ကမ္ဘာ့ရေစီးကြောင်းမှာ ရှင်သန်ကူးခတ်နိုင်ဖို့ ပုဂံခေတ်က ပေါ်ထွန်းခဲ့ဖူးတဲ့ ဦးကျည်ပွေ့ထုံးကို တပြည်လုံး နှလုံးမူနိုင်စေဖို့ မြန်မာနိုင်ငံမှာ ဘဝတသက်တာ စဉ်ဆက်မပြတ် သင်ကြားနိုင်တဲ့ နိုင်ငံတော်အဆင့် ပညာရေးစနစ်ကို ခိုင်မာစွာ တည်ဆောက်ဖို့ မဖြစ်မနေ လိုအပ်ပါတယ်။ မြန်မာနိုင်ငံသားတွေအနေနဲ့လည်း ခံယူသင့်တဲ့ စိတ်ထားက ဒီကနေ့ မိမိဟာ မနေ့က မိမိထက် တခုခုတော့ ပိုသိလာရမယ်ဆိုတဲ့စိတ်ကို မွေးမြူကြဖို့ လိုပါတယ်။ အတတ်ပညာရပ်အသစ်တွေ၊ နည်းပညာအတွေ့အကြုံသစ်တွေ၊ ကျွမ်းကျင်မှုအသစ်တွေကို စဉ်ဆက်မပြတ် လိုချင်စိတ်၊ လေ့လာသင်ယူလိုစိတ်တွေ ဘဝတသက်တာလုံး ပြင်းပြနေမှသာ ဒီကနေ့ မျက်မှောက်ကမ္ဘာကြီးမှာ ခေတ်နဲ့အညီ အဆင့်မြင့်မြင့် ရှင်သန်နိုင်မှာ ဖြစ်ပါကြောင်း ရေးသားအသိပေးလိုက်ရပါတယ်။   မင်းကောင်းချစ် ဇွန်လ (၂၅) ရက်နေ့ ၂၀၁၇ ခုနှစ်
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024